ခါမ်းပါတ်မြို့ တပ်စခန်းက ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ အတွင်းဝင်ရောက်

By ပါခွီး (မဇ္စျိမ)
10 November 2023
ခါမ်းပါတ်မြို့ တပ်စခန်းက ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ အတွင်းဝင်ရောက်

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခါမ်းပါတ်မြို့တပ်စခန်းကို တော်လှန်ရေး မဟာမိတ်များ စီနင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများထွက်ပြေးသွားကြပြီး အိန္ဒိယနိုင်ငံအတွင်းသို့ဝင်ရောက်သွားခဲ့ကြောင်း ဒေသခံကာကွယ်ရေးသတင်းအရင်းမြစ်က ပြောသည်။

“အိန္ဒိယဖက်ကိုဝင်သွားကြပြီ ၊ ဟိုဖက်က ကုလား(အိန္ဒိယ)စစ်တပ်က ဒဏ်ရာရတဲ့သူတွေကို ဆေးကုပေးထားတယ် ၊ ပြီးရင်မိုးရေးကို ပို့မှာ အဲဒီက တဆင့် စခ (စစ်ကောင်စီတပ်) ကို ပြန်လွှဲမှာပါ” ဟု ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တဦးက မဇ္စျိမ ကို ပြောသည်။

ခါမ်းပါတ်တပ်စခန်းမှ စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအပါ လူ ၅၀ ကျော်တို့သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် လက်နက်များနှင့်အတူ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်သွားခြင်းဖြစ်ကြောင်းဆိုသည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် ခါမ်းပါတ်မြို့အနောက်ဖက်ရှိ ကမ္မကြီးအနောက် အိန္ဒိယနယ်စပ် အာသံရိုင်ဖယ် အမှတ်(၁၇) ဂိတ်မှတဆင့် ဝင်ရောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအတွက် ဖမ်းဆီးထားပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယစစ်တပ်သတင်းအရင်းမြစ်က ပြောဆိုသော်လည်း ယင်းပြောကြားချက်ပေါ် အယုံကြည်မရှိကြောင်းဆိုသည်။

ယခင် ဝိတုတ်စခန်းက စစ်ကောင်စီတပ်သားများလည်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး အိန္ဒိယစစ်တပ်က ကားဖြင့်သယ်ဆောင်ကာ မိုးရေးမြို့သို့ ပို့ဆောင်ပေးခဲ့ဖူး ကြောင်းသိရသည်။

ခါမ်းပါတ်တပ်စခန်းမှ ထွက်ပြေးခဲ့သောတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တွန်းဇံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တမူးခရိုင်တပ်ရင်း(၂)က အသက် ၂၃နှစ်အရွယ် ရဲဘော်တဦးကျဆုံးခဲ့ကြောင်း သိရသည်။

“ရှေ့တကောင်က လက်နက်ချမယ်ပြောပြီး အနောက်က နေရာယူထားတဲ့အကောင်က ပစ်လို့ ကျသွားတာ” ဟု ကာကွယ်ရေးအရင်းမြစ်က ပြောသည်။

လက်နက်ချဟန်ပြု လိမ်ညာ၍ ပစ်ခတ်ခဲ့ဖြင့် ရဲဘော် ကျဆုံးခဲ့ရခြင်းဖြစ်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖက် သေဆုံးဒဏ်ရာရရှိမှုများ ရှိကြောင်းဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသည့် ခါမ်းပါတ်မြို့ကို ပြည်သူ့အုပ်ချုပ်ရေးစနစ်လည်ပတ်ရန် စတင်လုပ်ဆောင်နေပြီး ရပ်ကွက်(၁) မှ ဒေသခံများမှလွဲ၍ ကျန်သူများ မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း ကာကွယ်ရေးသတင်းအရင်းမြစ်ထံက သိရှိရသည်။

ယင်းသို့ စခန်းစွန့်ခွာထွက်ပြေးသည့် ဂန့်ဂေါမြို့နယ် မင်းရွာမှ ရဲခြောက်ဦး ၊ ချောင်းဦးမြို့ မြပုလဲဆီဆိုင်အနီးစခန်းမှ ပျူစောထီးနှစ်ဦး ၊ ကလေးမြို့ ရာဇဂြိုလ် ရဲဘက်စခန်း(၂)မှ စစ်ကောင်စီတပ်သား လေးဦးတို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly