ရှမ်းမြောက် မြို့ ၈ မြို့ကို စစ်ကောင်စီ စစ်အုပ်ချုပ်ရေးကြေညာ

By မဇ္ဈိမ 
13 November 2023
ရှမ်းမြောက် မြို့ ၈ မြို့ကို စစ်ကောင်စီ စစ်အုပ်ချုပ်ရေးကြေညာ

မကြာသေးခင်ကစ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရှမ်းပြည်နယ်ထဲက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက် ညပိုင်းမှာသတင်းထုတ်ပြန်လိုက်ပါတယ်။ 

ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးနဲ့ သိန်းနီမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးဆိုတာကတော့  သက်ဆိုင်ရာဒေသ ရဲ့ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး ကို စစ်တိုင်းမှူးက ကိုင်တွယ်မှာဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်မှုတွေအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊မကွေးနဲ့ချင်းပြည်နယ်မှာဆိုရင်လည်း စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့တွေရှိပါတယ်။

ဒီလို စစ်အုပ်ချုပ်ရေးကြေညာတဲ့မြို့နယ်တွေထဲမှာ လားရှိုးဟာ စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့မြို့ဖြစ်ပါတယ်။

ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်ထံမှ သံချပ်ကာယာဉ်များ၊ အမြောက်များနဲ့ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့မှုအပါအဝင် စစ်ဆင်ရေးဆောင်ရွက်မှုများကို ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ခဲ့ပြီး ၁၂ရက်အတွင်း ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးဆောင်ရွက်ရာမှာ ဟာ  မဟာမိတ်တပ်များနဲ့ပူးပေါင်းပြီး ကိုးကန့် ၊ မုံးကိုး ၊ သိန္နီ စတဲ့နေရာရှိ စစ်ကောင်စီရဲ့ အရေးကြီးတပ်စခန်းများကို အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ အပြင် ချင်းရွှေဟော် ၊ မုံးကိုးနဲ့ ကွမ်းလုံစတဲ့မြို့နယ်များကိုလည်း ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့ကာ အထူးဒေသ(၁)ရဲ့ သမိုင်းဝင်အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

၁၉၆၉ ခုနှစ် မတိုင်ခင်အချိန်အထိ ကွမ်းလုံ‌ဒေသဟာ ကိုးကန့်အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိခဲ့ပြီး အဲဒီနောက်ပိုင်းကတည်းက စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကွမ်းလုံမြို့နဲ့ ကွမ်းလုံကြိုးတံတားဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စစ်တပ်တို့ရဲ့ နာမည်ကျော် ကွမ်းလုံ ရက် ၄၀ တိုက်ပွဲကြောင့် ထင်ရှားသလို စစ်ကောင်စီက နှစ်ပေါင်းငါးဆယ်ကျော် ထိန်းချုပ်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။

ကွမ်းလုံမြို့ကို မြောက်ပိုင်းအဖွဲ့တွေ သိမ်းလိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါဘူး။

နမ့်ခမ်းမှာလည်း စစ်ကောင်စီတပ်စခန်းတွေ တိုက်ခံရပြီး တအာင်းတပ်(TNLA ) က ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။ 

စစ်ကောင်စီကတော့ သိန္နီကို ပြန်ရယူနိုင်ထားတယ်လို့  သတင်းထုတ်ထားပါတယ်။  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတဲ့ TNLA တအောင်းပလောင် MNDAA ကိုးကန့် နဲ့ AA ရက္ခိုင်တပ်ဖွဲ့တွေ ပြီးခဲ့တဲ့လနှောင်းပိုင်းကစ စစ်ကောင်စီတပ်ဖွဲ့တွေကို ပူးပေါင်း စစ်ဆင်ခဲ့ရာက ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ KIA တပ်ဖွဲ့တွေ ကရင်ပြည်နယ်မှာ KNU တပ်ဖွဲ့တွေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ ဒေသတွေမှာလည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။
     

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required