နိုဝင်ဘာလတွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား နှင့် မိသားစုဝင်  ၁၄၀ ကျော် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး

By ပါခွီး (မဇ္စျိမ)
20 November 2023
နိုဝင်ဘာလတွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား နှင့် မိသားစုဝင်  ၁၄၀ ကျော် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး
ပုံအညွှန်း - အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများ နှင့် လုံခြုံရေးအဖွဲ့ဝင်များ /ဓာတ်ပုံ - All India Radio Aizawl

အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံ နယ်စပ်၌ ယခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များ  စုစုပေါင်း ၁၄၂ဦး  အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း တော်လှန်ရေးသတင်းအရင်းမြစ်များထံက သိရသည်။

နိုဝင်ဘာလ ၄ ရက်တွင်  စစ်ကောင်စီတပ်သား ၁၇ ဦး၊ နိုဝင်ဘာလ ၇ ရက်တွင်  စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုများအပါ ၅၃ ဦး၊ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီတပ်သား ၄၃ ဦးနှင့် နိုဝင်ဘာလ ၁၅ ရက်တွင် စစ်ကောင်စီတပ်သား ၂၉ ဦးတို့ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရသည်။ 

“အင်အားလိုအပ်ချက်တွေများနေတဲ့ စကစအနေနဲ့ ပြန်ပို့လာတဲ့သူတွေကို အရေးယူမှုလုပ်မှာ မဟုတ်ဘဲ ရှေ့တန်းပဲပြန်ပို့မှာဖြစ်တယ်။ တပ်အင်အားပဲပြန်ဖြစ်လာမှာ။  စကစ တပ်သားတွေကို ပြန်မပို့ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ သွေးမြေကျမှု ပိုမိုလျော့ချရာ ရောက်မယ်လို့ယူဆပါတယ်” ဟု India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ် က မဇ္စျိမ ကိုပြောသည်။

နှစ်နိုင်ငံ နယ်စပ် တလျောက် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အတွင်း တိုက်ပွဲများ ဖြစ်ပွားရာ စစ်ကောင်စီတပ်သားနှင့် ၎င်းတို့၏ မိသားစုဝင်များသည် စခန်းကို စွန့်ခွာ၍ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်များအတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ ကြခြင်းဖြစ်သည်။    

နိုဝင်ဘာလ ၄ ရက်က   စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ရှိ စစ်ကောင်စီ၏  ဝိတုတ်စခန်း နှင့် နိုဝင်ဘာလ ၇ ရက်တွင်  စစ်ကောင်စီ၏ ခမ်းပါတ်စခန်း  တို့ကို တော်လှန်ရေးတပ်သားများက သိမ်းပိုက်ခဲ့သည်။  ထိုရက်များအတွင်း စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များသည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်းသို့ ဝင်ရောက်ပြီး အိန္ဒိယစစ်တပ်က လက်ခံခဲ့ကြောင်းသိရသည်။ မဏိပူရပြည်နယ်အတွင်းသို့ ခိုလှုံလာသောသူများကို ကားဖြင့် အိန္ဒိယနိုင်ငံ ၊ မိုးရေးမြို့မှတဆင့် မြန်မာနိုင်ငံ ၊တမူးသို့ ကားများဖြင့် ပို့ဆောင်ပေးခဲ့သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက  နိုဝင်ဘာ ၁၃ရက်နေ့တွင် ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ရှိ  စစ်ကောင်စီတပ်စခန်း စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ပြီး နှင့် နိုဝင်ဘာ၁၅ရက်နေ့တွင် စစ်ကောင်စီ သီးဘွာလ်စခန်းကို သိမ်းပိုက်ခဲ့သည်။ ထိုရက်များအတွင်း စစ်ကောင်စီတပ်သားများသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာခဲ့ပြီး ၎င်းတို့ကို အိန္ဒိယစစ်တပ်က ရဟတ်ယာဥ်ဖြင့် တမူးမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။  

ထိုသို့ ဝင်ရောက်လာသူများကို  မြန်မာနိုင်ငံသို့ အတင်းအကျပ် ပြန်မပို့ဘဲ တော်လှန်သူများနှင့် ဆက်သွယ်စေပြီး ၎င်းတို့၏ ဆန္ဒသဘောထားအလျောက် ထိန်းသိမ်းလက်ခံထားခြင်း သို့မဟုတ် စစ်ကောင်စီတပ်ထံ ပြန်ပို့ခြင်းများ ဆောင်ရွက်သင့်ကြောင်း သဘောထားစာကို India For Myanmar က အိန္ဒိယ ဗဟိုအစိုးရထံ ပေးပို့ထားကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်သို့ ခိုလှုံလာသည့် စစ်ဘေးရှောင်နှင့် အလုပ်သမားများကို အထောက်အထားမဲ့ ဝင်ရောက်မှုဖြင့် အင်ဖားထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ကောင်စီတပ်သားများကို ပြန်လည်ပို့ဆောင်ပေးခြင်းသည် အဆင့်အတန်း ခွဲခြားပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ကွာခြားနေကြောင်း ဆလိုင်းဒိုခါရ်က သုံးသပ်ပြော ဆိုသည်။

အိန္ဒိယနှင့် စစ်ကောင်စီအကြား ကြီးမားသော အပေးအယူများရှိနိုင်ကြောင်းနှင့် အာဏာရှင်နိုင်ငံကို တိုက်ရိုက်အကူအညီပေးနေသည်ကို ရှုတ်ချပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တမူးမြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောကြားခဲ့သည်။

 အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ ပိုင်နက်အတွင်းသို့ လက်နက်ကြီး ကျည်ဆန်များကျရောက်ပေါက်ကွဲမှုအပေါ် တုံ့ပြန်မပြောဆိုခြင်းများသည် စစ်ကောင်စီဘက်သို့ လုံးလုံးပါနေကြောင်းကို နိုင်ငံသားများနှင့် ကမ္ဘာကိုသိအောင် တရားဝင် ပြသနေသည့် အနေအထားဖြစ်ကြောင်း India For Myamar ခေါင်းဆောင်က ဆက်ပြောသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly