ရခိုင်တကျော့ပြန် တိုက်ပွဲတွေကြောင့် ပြည်တွင်းဒုက္ခသည် ၂၆,၀၀၀ ကျော်တိုးလာကြောင်း ကုလထုတ်ပြန်

By မဇ္ဈိမ 
20 November 2023
ရခိုင်တကျော့ပြန် တိုက်ပွဲတွေကြောင့် ပြည်တွင်းဒုက္ခသည် ၂၆,၀၀၀ ကျော်တိုးလာကြောင်း ကုလထုတ်ပြန်

ရခိုင်ပြည်နယ်ဘက်မှာ စစ်တပ်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးကြရတဲ့ ပြည်တွင်းဒုက္ခသည်အသစ် ၂ သောင်း ၆ ထောင်ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂက ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA)က နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်လိုက်ပါတယ်။

အပစ်ရပ်သဘောတူညီမှုကျိုးပေါက်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ ရခိုင်တကျော့ပြန် စစ်ပွဲအတွင်း လူဦးရေ ၂၆,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကစပြီး နိုဝင်ဘာ ၁၇ ရက်အထိ ရခိုင်မှာ သေဆုံးသူ ၁၁ ဦးရှိကြောင်း  သိရပါတယ်။

ကုလသမဂ္ဂရဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ စာရင်းတွေအရ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ဒုက္ခသည် စုစုပေါင်း ကိုးသောင်းအထိရှိလာပြီး အဲဒီထဲက အသစ်ထပ်တိုးလာတဲ့ ၂၆,၀၀၀ ကျော်ဟာ မြန်မာစစ်တပ်နဲ့ AA တို့အကြား အပစ်အခတ်ရပ်စဲပြီး တစ်နှစ်အကြာ ပြန်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့အရေအတွက် ဖြစ်ပါတယ်။

ဒါဟာ အရင်က ရှိပြီးသား ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းခွဲအပြင် ထပ်တိုးလာတာလည်း ဖြစ်တယ်လို့ UNOCHA ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပေါက်တောနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတာကိုလည်း ထောက်ပြထားပါတယ်။ 

ပေါက်တောမြို့နယ်ကို AA တပ်တွေက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ယာယီသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်း၊ ရေကြောင်းတွေနဲ့ တိုက်ခိုက်ပြီး ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာတော့ တိုက်ပွဲမရှိပေမဲ့ AA ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရသေ့တောင်နဲ့ မောင်တောဘက်မှာ နယ်ခြားစောင့်တပ်တွေရဲ့ ကင်းစခန်းတွေကို AA က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အခုအချိန်မှာ မြန်မာစစ်တပ်ဟာ ရန်ကုန်-စစ်တွေ လမ်းမအပါအဝင် ရခိုင်ပြည်နယ်က အဓိက ကုန်းလမ်းနဲ့ ရေလမ်း ဆက်သွယ်ရေး လမ်းကြောင်းတွေကို ကန့်သတ်ပိတ်ပင်ထားပြီး အရပ်သားပြည်သူတွေ ရွှေ့ပြောင်းသွားလာတာနဲ့ လူသားချင်း စာနာမှု အကူအညီတွေ သွားပေးတာတွေကိုလည်း ကန့်သတ်ထားတယ်လို့ UNOCHA ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာလည်း ရက္ခိုင့်တပ်တော် AA နဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ ၂၇ နောက်ပိုင်း တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ဒီလထဲ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေတာမှာ လူနေထူထပ်တဲ့ မြို့ပေါ်အရပ်ဒေသတွေ အထိ တိုက်ပွဲတွေ ပိုမို ကျယ်ပြန့်လာနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ သိန်းနဲ့ချီ တိုးလာနေတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။ 

အာဏာသိမ်းမှုနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်းမှာတော့ မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူက ၂ သန်းကျော်အထိ ရှိလာတယ်လို့လည်း ကုလသမဂ္ဂက ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly