စစ်သား ၃ ဦး ဖယ်ခုံPDF ထံ လက်နက်ချ

By ဂျူချန်း (မဇ္ဈိမ)
20 November 2023
စစ်သား ၃ ဦး ဖယ်ခုံPDF ထံ လက်နက်ချ
ပုံအညွှန်း-စစ်ကောင်စီတပ်သားများ ယူဆောင်လာသည့် လက်နက်များ (ဖယ်ခုံ PDF)

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲ-ဖယ်ခုံနယ်စပ်တွင် စစ်ကောင်စီ၏ လွိုင်လင်လေးအခြေစိုက် ခမရ(၅၃၀) မှ တပ်သားသုံးဦး လက်နက်ခဲယမ်းများယူဆောင် ထွက်ပြေးလာပြီး အလင်းဝင်လာကြောင်း  ဖယ်ခုံPDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရ(၅၃၀) မှ တပ်သားမင်းသူအောင်၊ အောင်သူဟိန်း နှင့် ခင်မောင်ရင် တို့သည် MA-1 သေနတ် နှစ်လက်၊ MA-4 သေနတ် တလက်၊ ဗုံးသီး ရှစ်လုံး၊ ကျည်ဘောက် ကိုးခု နှင့် ခဲယမ်းကျည်ဆံများ ယူဆောင်ကာ ဖယ်ခုံPDF တပ်ရင်း(၂) တပ်ရင်းအမှတ်(၁၀၀၆) ထံသို့ ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့က ခိုလှုံလာခြင်းဖြစ်သည်။

“စစ်မတိုက်ချင်လို့၊ သူတို့သေမှာကြောက်လို့ ပြေးလာကြတာ။ ကျနော်တို့တပ်ရင်းနဲ့ နယ်မြေဆက်စပ်တော့ ကျနော်တို့ဆီကိုရောက်လာခဲ့တာပါ။ လုံလုံခြုံရှိပါတယ်။ အကုန်လူငယ်တွေပါ” ဟု ဖယ်ခုံPDF တပ်ရင်း(၂) ဒုတပ်ရင်းမှူးက မဇ္ဈိမကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား သုံးဦးကို ဆုငွေ ချီးမြှင့်ကာ လုံခြုံသည့်နေရာတွင် စောင့်ရှောက်ထားကြောင်း ဖယ်ခုံPDF တပ်ရင်း(၂) က ထုတ်ပြန်ထားသည်။

ယင်းအပြင် ပြည်သူ့ရင်ခွင်ခိုလှုံရန် အစီအစဉ်ရှိသည့် စစ်ကောင်စီတပ်သားများအနေဖြင့် ၎င်းတို့ တပ်ဖွဲ့ထံသို့ ဆက်သွယ်နိုင်ပြီး အသက်အန္တရာယ်ကို အာမခံပေးကာ အခက်အခဲများကိုလည်း ကူညီပေးမည်ဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖယ်ခုံအခြေစိုက် ခမရ(၄၂၂) မှ တပ်သားတဦး၊ စက်တင်ဘာလအတွင်းတွင် စစ်ကောင်စီတပ်သား သုံးဦး ဖယ်ခုံ PDFထံသို့ လက်နက်နှင့်တကွ ခိုလှုံလာကြောင်းသိရသည်။

စာတည်း - ‌အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly