တမူး၊ ပန်းသာရွာအခိုင်အမာစစ်စခန်းကို ပြည်တော်ဝင်စစ်ဆင်ရေးဖြင့် တိုက်ခိုက်နေ

By ပါခွီး (မဇ္စျိမ)
13 November 2023
တမူး၊ ပန်းသာရွာအခိုင်အမာစစ်စခန်းကို ပြည်တော်ဝင်စစ်ဆင်ရေးဖြင့် တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်တွင် စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ပန်းသာရွာမှစခန်းများအား ပြည်တော်ဝင်စစ်ဆင်ရေးအမည်ဖြင့် တိုက်ခိုက်နေပြီး ငါးရက်မြောက်အထိ တိုက်ပွဲပြင်းထန်နေကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က ယနေ့ သတင်းထုတ်ပြန်သည်။

ပန်းသာကျေးရွာမှ စစ်ကောင်စီအထိုင်စခန်း ၊ ရဲစခန်းနှင့် ပျူစောထီးများကို နိုဝင်ဘာလ ၈ရက် နေ့လယ် ၁၂နာရီအချိန်မှစတင်၍ တိုက်ခိုက်ခဲ့ခြင်းဟု ယနေ့နိုဝင်ဘာလ ၁၃ရက်တွင်ထုတ်ပြန်သည်။

ပန်းသာကျေးရွာသည် စစ်ရေးဗျူဟာအရ အချက်အချာကျပြီး တမူးဒေသတွင် ကျန်ရှိနေသည့် နောက်ဆုံးပျူရွာဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။ ထိုရွာမှစစ်ကောင်စီစခန်းများကို NLA စစ်ကြောင်းသုံးကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) တမူး (TSG) ၊ Fighter Police CDM နှင့် ကလေးမြောက်ပိုင်း ရာဇဂြိုလ်လျှပ်တပျက်တိုက်ခိုက်ရေးအဖွဲ့ (AGF) တို့မှ ပူးပေါင်းတိုက်ခိုက်နေခြင်းဟု သိရသည်။

"တမူးမှာ အခိုင်အမာပျူမွေးတဲ့ရွာက ဒါပဲကျန်တယ် ။ ပန်းသာ ရရင် တမူးဆိုတာအလွယ်လေးပါ” ဟု NLA တာဝန်ရှိသူတဦးက မဇ္စျိမ ကိုပြောသည်။

ယခု တိုက်ခိုက်မှုသည် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ရည်မှန်းချက်တွင်ပါဝင်သော “၁၀၂၇ စစ်ဆင်ရေး” ကို ကြိုဆိုထောက်ခံပူးပေါင်းပါဝင်သောအားဖြင့် “ပြည်တော်ဝင်စစ်ဆင်ရေး” အမည်ပေးကာ တိုက်ပွဲဝင်နေခြင်းဟု NLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပန်းသာရွာစခန်းတွင် တမူးမြို့နှင့်ဝိတုတ်ရွာမှ ပျူစောထီးများကိုပါ အင်အားဖြည့်ထားပြီး စုစုပေါင်းအင်အား ၁၀၀ကျော်ဖြင့် အခိုင်အမာ တပ်စွဲ ခုခံ နေသည်ဟုဆိုသည်။

ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်တွင် သေဆုံးဒဏ်ရာရမှုများရှိခဲ့သဖြင့် နိုဝင်ဘာလ ၈ရက်နေ့တွင် MIG- 29 တိုက်လေယာဉ်ဖြင့် ပစ်ကူပေးခဲ့ပြီး တမူးမြို့ရှိ အထိုင်စစ်တပ်ကုန်းမှ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။ထို့အပြင်ရဟတ်ယာဥ်ဖြင့် လက်နက်ခဲယမ်းများပို့ဆောင်ကာ စစ်အင်အားဖြည့်တင်းထားသဖြင့် ယနေ့အထိ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေခြင်းဖြစ်ကြောင်းဆိုသည်။

တိုင်းရင်းသားပြည်သူများလိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် သစ်ပေါ်ပေါက်ရေး၊ကဘော်ဒေသတွင်းသာမက မြန်မာတနိုင်ငံလုံး အာဏာရှင်စနစ် ပျက်သုဥ်းရေး နှင့် တမူးမြို့သိမ်းတိုက်ပွဲဆင်နွဲနိုင်ရေးအတွက် တရားမျှတမှုလိုလား သည့် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲတိုက်ထုတ်သွားမည်ဖြစ်ကြောင်း NLA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ ရှိစစ်ကောင်စီတပ်စခန်းကိုလည်း နိုဝင်ဘာလ ၇ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကိုထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#Mizzima

#တမူးမြို့နယ်

#ပန်းသာရွာစစ်စခန်း

#ပြည်တော်ဝင်စစ်ဆင်ရေး

#NLA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly