နမ့်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ထုတ်ပြန်

By 009 (မဇ္ဈိမ)
20 November 2023
နမ့်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ထုတ်ပြန်
ဓာတ်ပုံ- နမ့်ခမ်းမြို့တွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့အနီးရှိ စခန်းသစ်တပ်စခန်း ကိုစီးနင်းတိုက်ခိုက်စဉ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက် ခဲ့၍ တပ်ဖွဲ့ဝင်အချို့အဆိပ်ငွေ့သင့်ပြီး ကုသမှုခံယူနေရကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သလို မြေပြင်ရှိစစ်ကောင်စီတပ်ကလည်း အဆိပ်ငွေ့ဗုံးဟုယူဆရသော အငွေ့ဗုံးအမျိုးအစားနှစ်လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့တိုက်ခိုက်ခံခဲ့ရမှုကြောင့် ထုံထိုင်းမူးဝေခြင်း၊ အသက်ရှုကြပ်ခြင်းနှင့် သတိလစ် မေ့မြောခြင်းများဖြစ်ခဲ့ကြောင်း မြေပြင်ရှိ TNLA တပ်ဖွဲ့ဝင်များက ပြောကြားသည်။

“တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗုံးတွေနဲ့ဆက်တိုက်ပစ်နေတော့ အငွေ့ဗုံးမှန်းသတိမထားမိကြဘူး။ သူတို့ ပစ်တဲ့ဗုံးကအငွေ့ကိုရှုမိလို့ ခေါင်းမူးပြီး သတိလစ်သွားတယ်” ဟု TNLA တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြော သည်။

တပ်ဖွဲ့ဝင်များကို ဆေးကုသပေးနေစဉ် အောက်ဆီဂျင်ကျဆင်းခြင်း၊ ကိုယ်ခံအားကျဆင်းပြီး စိုးရိမ်စိတ် များနေခြင်းကြောင့် အောက်ဆီဂျင်ပေးရခြင်း၊ အဆိပ်ဖြေဆေးနှင့် အားဆေးများသွင်းပေးခဲ့ရကြောင်း TNLA ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

မြေပြင်တိုက်ပွဲများတွင် ဒဏ်ရာတစုံတရာမရှိဘဲ တပ်ဖွဲ့ဝင်များ၌ အလားတူလက္ခဏာများပြနေခြင်းမှာ ဓာတ်ငွေ့အဆိပ်သင့်ခြင်းကြောင့်ဖြစ်နိုင်ကြောင်း TNLA ၏ ကျန်းမာရေးဌာနမှ ဆရာဝန်တစ်ဦးက ပြော သည်။

“ဘယ်လိုအဆိပ်အမျိုးအစားလဲဆိုတာ မသိရသေးပေမယ့် အသက်ရှုကြပ်တာနဲ့ အဆုပ်ကိုထိခိုက်နိုင်တဲ့ အဆိပ်မျိုး ဖြစ်နိုင်ပါတယ်။ လူနာတွေကိုတော့ စောင့်ကြည့်နေရသေးပါတယ်” ၎င်းကဆိုသည်။
လက်ရှိတွင် ဆေးကုသမှုခံယူနေရသောတပ်ဖွဲ့ဝင်များအားလုံး ပြန်လည်သက်သာနေပြီဖြစ်ကြောင်း သိရ သည်။

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဒလက်နက် အဆိပ်ငွေ့ဗုံးဖြင့် တိုက် ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ “TNLA က အကျအဆုံးများလို့ ယခင်က တည်းက သုံးနေကျအသံတွေ ထွက်လာတယ်။ အဆိပ်ဓာတ်ငွေ့နဲ့တိုက်ပါတယ်တို့ ဘာတို့ဆိုပြီး ထွက်လာ တာပါ”ဟု နိုဝင်ဘာလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၄ ရက်နေ့က လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုးကျက်တပ်စခန်းကို တိုက်ခိုက်စဉ် ကလည်း  အဆိပ်ငွေ့ဗုံးဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

TNLA တပ်ဖွဲ့မှတိုက်ခိုက်နေသော နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီ၏ စခန်းသစ်တပ်စခန်းမှာ နှစ် ၂၀ ကျော် ခန့်တပ်စွဲထားပြီး အမြောက်တပ်နှင့် ရဟတ်ယာဉ်ကွင်းများရှိသလို ဆက်သွယ်ရေးမြောင်း အဆင့်ဆင့်ရှိ သော အခိုင်အမာတပ်စခန်းတခုဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲအတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်မှလက်နက်ကြီးကြောင့် နမ့်ခမ်းမြို့ အောင် ချမ်းသာရပ်ကွက်တွင် နေအိမ်တလုံး ထိမှန်ပျက်စီးခဲ့သလို အောင်ချမ်းသာနှင့် သာယာကုန်းရပ်ကွက်တို့မှ မြို့ခံများ နီးစပ်ရာဆွေမျိုးတွေထံ တိမ်းရှောင်ခိုလုံနေကြရသည်။

နမ့်ခမ်းမြို့အတွင်း၌လည်း ဒေသခံများမှာ နေအိမ်ထဲတွင်သာနေထိုင်နေကြပြီး စျေးဆိုင်အများစု ပိတ် သိမ်းထားရကာ TNLA က မြို့ကို လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly