သင်္ကန်းကျွန်းတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့က ဆိုင်ကယ်၊ စက်ဘီးပိုင်ရှင်များကို အခွန်ကောက်

By ဓါတု (မဇ္ဈိမ)
20 November 2023
သင်္ကန်းကျွန်းတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့က ဆိုင်ကယ်၊ စက်ဘီးပိုင်ရှင်များကို အခွန်ကောက်
ဓါတ်ပုံ-CJ

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့များက ဆိုင်ကယ်၊ စက်ဘီးပိုင်ရှင်များအား လိုင်စင်ပြုလုပ်ရမည်ဆိုသည့်ခေါင်းစဥ်ဖြင့် အခွန်ကောက်ခံနေ ကြောင်း သိရသည်။

သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် နိုဝင်ဘာလ ၈ ရက်မှ လက်ရှိအချိန်ထိ ရပ်ကွက်အလိုက် ကောက်ခံနေဆဲဖြစ်ပြီ စာရင်းစာအုပ်ဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်းများ ဓာတ်ပုံရိုက်မှတ်တမ်းတင်ကာ စက်ဘီး၊ ဆိုင်ကယ်အမျိုးအစားပေါ်မူတည်ကာ တပါတည်းကောက်ခံသွားခြင်းဖြစ်ကြောင်း ဒေသခံတဦး ကမဇ္စျိမကိုပြောသည်။

“တလကို ၁၅၀၀၊ ၅၀၀၀၊ ၁၅၀၀၀ တောင်းတာ။ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားပါတောင်းတယ်။ ဘယ် အိမ်က ဘယ်နှစ်စီးဆိုပြီး စာရင်းယူပြီး အိမ်စေ့ ပိုက်ဆံပါကောက်သွားတာ။ ပစ္စည်းပိုင်ရှင်က အိမ်ရှင်လား၊ အိမ်ငှားလား မေးသေးတယ်။ စက်ဘီးတောင် ရိုးရိုးလား၊ ဘက်ထရီလားဆိုပြီး ခွဲခြားပြီးကောက်တာပါ” ဟု ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့မှ ရပ်ကွက်အလိုက် အသီးသီးကောက်ခံနေကြ၍ တရပ်ကွက်နှင့် တရပ်ကွက် ကောက်ခံသည့်နှုန်းထားလည်း မတူညီကြောင်း သင်္ကန်းကျွန်းဒေသခံများက ဆိုသည်။
ကောက်ခံရာတွင် အမည်၊ လိပ်စာ၊ ပိုင်ဆိုင်သည့်အရေအတွက်၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းဖြင့် အချို့ ရပ်ကွက်တွင် စက်ဘီးခွန် တလ ၁,၀၀၀ ကျပ်နှုန်းဖြင့် တနှစ်စာအတွက် ၁၂,၀၀၀ ကျပ် ကောက်ခံသလို အချို့ရပ်ကွက်များတွင်မူ တစီးလျှင် ၁၅,၀၀၀ ကျပ်ဖြင့် ကြိုတင်ကောက်ခံပြီး ဘထ္ထရီစက်ဘီးဆိုလျှင် အခွန်ပိုများကြောင်း သိရသည်။

“သရဖီလမ်းနဲ့ မက္ကာဗလီနားတွေမှာ မှတ်ပုံတင်နဲ့အတူ ရပ်ကွက်အလိုက် အိမ်အထိကောက်တာ၊ ပိုက်ဆံ ပါ တခါတည်း တောင်းသွားတာ။ အခုထိကောက်နေတုန်း” ဟု ဒေသခံတဦးက ပြောသည်။
နှစ်ပတ်တာကာလအတွင်း သင်္ကန်းကျွန်းမြို့နယ်အတွင်း နေအိမ် ၂၅၀ မှ ၃၀၀ ခန့် ကောက်ခံထားကြောင်း သိရသည်။

မဇ္စျိမ၏စုံစမ်းမှုများအရ သင်္ကန်းကျွန်းမြို့နယ် တမြို့နယ်သာကောက်ခံနေခြင်းဖြစ်ပြီး အခြားနီးစပ်ရာ မြို့နယ်များတွင်ကောက်ခံခြင်း မရှိပေ။

သင်္ကန်းကျွန်းမြို့နယ်အပါအဝင် တောင်ဥက္ကလာ၊ ကမာရွတ်၊ ဗဟန်း၊ မြောက်ဒဂုံမြို့နယ်များတွင် အုပ်ချုပ် ရေးမှူးအပါအဝင် ပျူစောထီးအဖွဲ့မှဦးဆောင်၍ ဧည့်စာရင်းတိုင်ကြားခြင်းမရှိသည့် အိမ်ငှားများ၊ ညဘက် လမ်းဘေးတွင်စုဖွဲ့ထိုင်နေသူများ၊ လူလတ်ပိုင်း အင်္ကျီအနက်ရောင်ဝတ်ဆင်သူများ၊ လွယ်အိတ်လွယ်သည့် လမ်းသွားလမ်းလာပြည်သူများကို လက်ကိုင်ဖုန်းများစစ်ဆေး၍ ဖမ်းဆီးငွေညှစ်ခြင်းများ မကြာခဏလုပ် ဆောင်နေကြောင်း တော်လှန်ရေးသတင်းအဖွဲ့များ၏ အဆိုအရ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required