ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ AA ထံ လက်နက်ချ

By မိုးသောက် (မဇ္ဈိမ)
13 November 2023
ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ AA ထံ လက်နက်ချ
Photo-AFP(ရခိုင်ပြည်နယ်အတွင်းတွေ့ရသော ရဲတပ်ဖွဲ့ဝင်များ/ ပုံဟောင်း)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ  ရက္ခိုင့်တပ်တော်(AA) ထံ ယနေ့ နိုဝင်ဘာလ ၁၃ ရက် မွန်းပိုင်းတွင် လက်နက်ချခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)က အပေါက်ဝ နယ်မြေရဲစခန်းကို  လက်နက်ချရန်အကြောင်းကြားပြီးနောက် ယခု ကဲ့သို့ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောကြားသည်။

လက်ရှိတွင် လက်နက်ချလာသည့် ရဲတပ်ဖွဲ့ဝင်များကို AA က ထိန်းသိမ်းထားကြောင်း နီးစပ်သည့် သတင်း ရင်းမြစ်တခုက မဇ္ဈိမကိုပြောသည်။

“အပေါက်ဝရဲစခန်းကတော့ သူတို့က တိုက်ပွဲဖြစ်တာမဟုတ်ဘူး၊ လက်နက်ချသွားတာ။ သူတို့ကို AA က လောလောဆယ် ထိန်းသိမ်းထားပါတယ်” ဟုပြောသည်။

ရဲတပ်ဖွဲ့ဝင်များ လက်နက်ချခြင်းကို အတည်ပြုနိုင်သော်လည်း စခန်းမှူးပါမပါနှင့်ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးပေ။ ရခိုင်အခြေစိုက်သတင်းဌာနများ၏ သတင်းဖော်ပြချက်များတွင် ဒေသခံများ၏ ပြောကြားချက်များကိုကိုးကားပြီး စခန်းမှူးထွက်ပြေးသွားကြောင်း ရေးသားထားသည်။

အပေါက်ဝနယ်မြေရဲစခန်း လက်နက်ချမှုနှင့် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများနှင့်ပတ်သက်ပြီး အသေး စိတ်သိရှိနိုရန် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

နိုဝင်ဘာလ ၁၃ ရက် ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်မှ ချိန်ခါလီနယ်ခြားစောင့်စခန်းနှင့် ဒုံးပိုက် နယ်ခြားစောင့်စခန်းတို့ကို သိမ်းပိုက်ရာမှစပြုပြီး ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် AA ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းသို့ အဝင်အထွက်ကို စစ်ကောင်စီဘက်ကပိတ်ထားပြီး ရသေ့တောင် နှင့် မင်းပြားမြို့နယ်တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်နေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly