ကွမ်းလုံမြို့ကို သိမ်းနိုင်ပြီလို့ ညီနောင်မဟာမိတ်အဖွဲ့နဲ့ NUG ထုတ်ပြန်

ကွမ်းလုံမြို့ကို သိမ်းနိုင်ပြီလို့ ညီနောင်မဟာမိတ်အဖွဲ့နဲ့ NUG ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA၊ TNLA နဲ့ AA ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေဆင်နွှဲနေတဲ့ Operation 1027” ၁၀၂၇ စစ်ဆင်ရေးရဲ့  ၁၄ ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့  မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ကွမ်းလုံမြို့ကို သိမ်းပိုက်ရရှိ ထားပေမယ့် ကစဉ့်ကလျားဖြစ်ကာထွက်ပြေးနေကြတဲ့ ရန်သူတွေကို လိုက်လံရှင်းလင်းနေကာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပြီး အလုံးစုံ ထိန်းချုပ်ထားနိုင်ရေး အစွမ်းကုန်ကြိုးစားနေတယ်လို့လည်း ‌ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ပြီလို့ နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသက ရှောက်ပယ်အိုင်မှာရှိတဲ့ စစ်ကောင်စီစခန်းကိုလည်း ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

တအာင်းတပ်မတော် (TNLA) နဲ့ ပူးပေါင်းအဖွဲ့တွေကလည်း နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအနီးကို စစ်ကူရောက်လာတဲ့ သံချပ်ကာကား သုံးစီးပါတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သံချပ်ကာကားတစ်စီး ဖျက်စီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ နိုဝင်ဘာ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူဆွေးနွေးခဲ့ကာ နယ်မြေတည်ငြိမ်ဖို့အတွက်လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားပါတယ်။

စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် တရုတ် - မြန်မာ နယ်စပ်ရှိ ချင်းရွှေဟော်မြို့ အပါအဝင် ဒေသအချို့ကို လက်လွှတ်ခဲ့ရပေမယ့် လက်ရှိမှာ ပြန်လည်ထိန်းချုပ်နိုင်နေပြီ ဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောထားပါတယ်။

စစ်ဆင်ရေးစတင်ချိန်ကနေ သီတင်း နှစ်ပတ်လောက်အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက  ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တွေကို အပြည့်အဝသိမ်းပိုက်ခဲ့ပြီး သိန္နီ၊ ကြူကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်းမြို့တွေရဲ့ နေရာအားလုံးနီးပါးကိုတော့ ထိန်းချုပ်ထားနိုင်‌ပေမဲ့ အဲဒီမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကာ၊ စစ်ကောင်စီတပ်စခန်း ၁၂၈ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required