လွိုင်ကော်တွင် ၂ ရက်အတွင်း အရပ်သား ၂၀ ကျော် ထပ်မံသေဆုံး 

By 001 (မဇ္စျိမ)
16 November 2023
လွိုင်ကော်တွင် ၂ ရက်အတွင်း အရပ်သား ၂၀ ကျော် ထပ်မံသေဆုံး 
Photo - KnHRG

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် နိုဝင်ဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် အကြောင်းမဲ့ပစ်သတ်ခြင်းတို့ကြောင့် အရပ်သား ၂၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၁၄ ရက်​နေ့က မိသားစုလိုက်​သေဆုံးရသည့် ဖြစ်စဥ်နှစ်ခုအပါအဝင် အရပ်သား ၁၉ ဦး​သေဆုံးခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်​နေ့တွင် သုံးဦး​ထပ်မံသေဆုံးခဲ့​ကြောင်း သိရသည်။ အဆိုပါ ​သေဆုံးမှုများတွင် က​လေးသူငယ် ငါးဦး ပါဝင်​ကြောင်း KnHRG၏ အချက်အလက်များအရ သိရသည်။

ထို့ပြင် အဆိုပါ နှစ်ရက်တာအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရပ်သား ရှစ်ဦးရှိ​ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသည့် မိုးဗြဲနှင့် လွိုင်ကော်မြို့ ရပ်ကွက်များအတွင်းတွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ အဆိုပါဖြစ်စဉ်များကြောင့် အရပ်သား ၂၀ ဦးသေဆုံးခဲ့သည့်အတွက် ငါးရက်အတွင်း အရပ်သားသေဆုံးမှု ၄၀ ကျော်အထိရှိလာကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က လက်နက်ကြီး ပစ်ခတ်မှုနှင့် သေနတ်ဖြင့် ပစ်ခတ်မှုတို့ကြောင့် မိသားစုလိုက်သေဆုံးသွားရသည့် ဖြစ်စဉ်နှစ်ခုရှိခဲ့ကြောင်းလည်း KnHRG တည်ထောင်သူ ကိုဗညားကပြောသည်။

“ကျွန်တော်တို့ သိသလောက်က မိသားစုအလိုက်ဖြစ်တာက သုံးစု၊ လေးစုပေါ့။ အဲ့ဒီလိုမျိုး ဖြစ်ခဲ့တာရှိပါတယ်။ လူဦးရေက နှစ်ဦး၊ သုံးဦး အဲ့ဒီလိုမျိုးပေါ့။ အိမ်ပေါ်မှာကျတဲ့ဟာဆိုရင် အဲ့ဒီလိုမျိုးဖြစ်လေ့ရှိပါတယ်” ဟု ကိုဗညားကဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်အနေဖြင့် စစ်ဘေးရှောင်နေသည့် အရပ်သားပြည်သူများကိုလည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ကိုဗညားက ပြောသည်။

“တခြားတဖက်မှာလည်း စစ်ရှောင်တွေလမ်းကြောင်းတလျောက်ကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ ဒီရက်လည်း စစ်ရှောင်တွေထွက်နေတဲ့ လမ်းကြောင်းတွေပေါ်မှာ ဗုံးကြဲတိုက်ခိုက်တာတွေရှိပါတယ်”ဟု ဆိုသည်။

ကရင်နီပြည်နယ်တွင် ကရင်နီ​တော်လှန်​ရေးပူးပေါင်းအဖွဲ့များက နိုဝင်ဘာလ ၁၁ ရက်နေ့က စပြီး "၁၁၁၁ စစ်ဆင်ရေး" ဆင်နွှဲနေခြင်းဖြစ်ပြီး စစ်ရေးပြင်းထန်နေခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် ကရင်နီပြည်နယ်တွင် ယခင်က စစ်ဘေးရှောင် ၂၇၀,၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ယခု စစ်ဘေးရှောင်များထပ်တိုးလာသည့်အတွက် စစ်ဘေးရှောင် ၂၉၀,၀၀၀ ဝန်းကျင် ရှိလာပြီဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required