အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူ ၃၀,၀၀၀ ကျော်ကို မြန်မာနိုင်ငံက လွှဲပြောင်းပေးခဲ့ဟု တရုတ်အစိုးရပြော

By မဇ္ဈိမ 
22 November 2023
အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူ ၃၀,၀၀၀ ကျော်ကို မြန်မာနိုင်ငံက လွှဲပြောင်းပေးခဲ့ဟု တရုတ်အစိုးရပြော

မြန်မာနိုင်ငံ မြောက်ပိုင်းကနေ အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၃၁,၀၀၀ ကို လွှဲပြောင်းလက်ခံရရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။လက်ခံရရှိသူတွေထဲမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေအတွက် ဘဏ္ဍာရေးနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်သူ ၆၃ ဦးနဲ့ တရာခံပြေး ၁၅၃၁ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုးကန့်ဒေသရဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်း ခေါင်းဆောင်တွေဖြစ်တဲ့ မင်မိသားစုဝင်တွေကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီထဲက အဓိကခေါင်းဆောင် မင်ရှောက်ချန်းဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ တရုတ်ဘက်က ဆိုပါတယ်။နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကနေ အွန်လိုင်း ငွေလိမ်လုပ်ငန်း သံသယရှိသူ ၅၇၁ ဦးကို လွှဲပြောင်း လက်ခံခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်မှုတွေကို ပိုမို အရေးယူ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတည်းက အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ဂိုဏ်းတွေကို ဖြိုခွင်းနိုင်ဖို့ စတင်ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ မြန်မာပြည်နယ်စပ်က အနည်းဆုံး အွန်လိုင်းလိမ်လည်မှုစင်တာ ၁၀၀၀ မှာ တရက်ကို လူဦးရေ တစ်သိန်းကျော်ခန့် ဆက်သွယ်ရေးလိမ်လည်မှုမှာ ပါဝင်နေကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြပါတယ်။

တရုတ်ရဲတွေအနေနဲ့ စက်တင်ဘာလမှစတင်ပြီး လိမ်လည်မှုတွေကို စတင်နှိမ်နင်းခဲ့ပြီး ယခု နိုဝင်ဘာလမှာ မြန်မာနိုင်ငံမှာ အခြေချနေတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို အရှိန်အဟုန်နဲ့ ဖြိုခွင်းနေတယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

အောက်တိုဘာလ ၂၇ ရက်မှာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့ (Three Brotherdood Alliance) က အွန်လိုင်းရာဇဝတ်မှု ရှင်းလင်းရေး၊ အာဏာရှင်တော်လှန်ရေး စတဲ့ ခေါင်းစဉ်တွေနဲ့ ကိုးကန့်ဒေသမှာ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၈ ရက်မှာ စစ်ကောင်စီနဲ့ ကိုးကန့်နယ်ခြားစောင့် တပ်တွေဟာ လောက်ကိုင်မြို့ ရန်လုံကျိုင်းဂိတ်ကနေ တရုတ်နိုင်ငံသား ၂,၀၀၀ ကျော်ကို အလျင်စလို ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ကြပါတယ်။ စုံစမ်းထောက်လှမ်းသတင်းတွေကို ဖော်ပြနေတဲ့ တရုတ်သတင်းဌာနတချို့ကတော့ ကိုးကန့်ဒေသဟာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အဓိက ကျက်စားရာနေရာ ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာမြောက်ပိုင်းမှာ လူပေါင်း ၁၀၀,၀၀၀ ကျော်ဟာ ဒီလုပ်ငန်းတွေရဲ့သားကောင်အဖြစ် စေခိုင်းခံနေရတယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကလည်း ကိုးကန့်ဒေသအတွင်းက အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်း နှိမ်နှင်းမယ်လို့ နိုဝင်လာလ ၈ ရက်နေ့ ကာလုံ အစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required