မတ္တရာတွင် စစ်‌ေကာင်စီတပ် ထုတ်ကုန် သုံးစွဲခြင်း လုံး၀မပြုကြရန် မတ္တရာပကဖ သတိပေး

By 007(မဇ္စျိမ)
26 November 2023
မတ္တရာတွင် စစ်‌ေကာင်စီတပ် ထုတ်ကုန် သုံးစွဲခြင်း လုံး၀မပြုကြရန် မတ္တရာပကဖ သတိပေး

စစ်ရေးအရှိန်မြှင့်တင်နေသည့် မတ္တရာမြို့နယ်တွင် မြန်မာဘီယာအပါအ၀င် စစ်တပ်ထုတ်ကုန်များအား ပြည်သူလူထုက ၀ယ်ယူမသုံးစွဲခြင်းဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးတွင်  ပူးပေါင်းပါ၀င်ပေးကြရန်  မတ္တရာ မြို့နယ် ပကဖက ယနေ့  နိုဝင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းတွင် အသိပေးသတင်းထုတ်ပြန်လာသည်။

“မြို့နယ်အတွင်းရှိ ကုန်သည်များ၊ လုပ်ငန်းရှင်များ၊ တစ်ပိုင်တစ်နိုင်စျေးရောင်းစျေး၀ယ်ပြုလုပ်နေကြသူများ အနေဖြင့် စကစ၏ ဘဏ္ဍာရေးအသက်သွေးကြောအားဖြတ်တောက်ရန်၊ တထောင့်တနေရာမှပါ၀င်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးတွင် လက်တွဲညီညီတိုက်ပွဲ၀င်ကြရင်းဖြင့် စကစထုတ်ကုန်များအား ၁.၁၂.၂၀၂၃ ရက်နေ့မှစ၍ ရောင်း၀ယ်ဖောက်ကားခြင်း၊ အသုံးပြုခြင်းများ လုံး၀(လုံး၀)မပြုလုပ်ကြရန်” ဟူ၍ မတ္တရာမြို့နယ်ပကဖ(အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-မတ္တရာမြို့နယ်)က အသိပေးသတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

 ကြိုတင်အသိပေး တားမြစ်ခြင်းဖြစ်ပြီး သတ်မှတ်ရက်နောက်ပိုင်း ရောင်း၀ယ်ဖောက်ကားခြင်း ၊ သုံးစွဲခြင်းများ တွေ့ရှိပါက ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့တာ၀န်ရှိသူက ပြောသည်။

“ တားမြစ်ထားတဲ့ရက် နောက်ပိုင်းမှာ ရောင်းတာ၀ယ်တာသုံးစွဲတာတွေ့ရင်၊ အတိုင်ခံရရင် ထိထိရောက်ရောက် အရေးယူသွားမှာပါ” ဟု ၎င်းကဆိုသည်။

မန္တလေးမြို့တွင် ယမန်နှစ် ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့က  မြန်မာဘီယာရောင်းချသည့်စားသောက်ဆိုင် ငါးဆိုင်နှင့် ကေတီဗီတခုကို တားမြစ်ထားသည့်ကြားကဆက်လက်ရောင်းချလုပ်ကိုင်နေသဖြင့်ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့‌ေသးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly