စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းကြရန် မြင်းမူ ပအဖ ထုတ်ပြန်

By ပါခွီး(မဇ္စျိမ)
26 November 2023
စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းကြရန် မြင်းမူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ Non CDMဝန်ထမ်းများ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)လက်အောက်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လာရောက်ပူးပေါင်းကြရန် မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာလ ၂၄ရက်တွင် ထုတ်ပြန်သည်။

ဆောင်ရွက်ဆဲရုံးလုပ်ငန်းများကို ရပ်တန့်ပြီး ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့်တကွ လာရောက်ပူးပေါင်းကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ကျနော်တို့ အစိုးရရဲ့ညွှန်ကြားလွှာအတိုင်းဆောင်ရွက်တာဖြစ်ပါတယ် ။ Non CDM တွေကို ဘယ်လို လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိပြီးသားပါ ။ အဲဒီမူဝါဒ သဘောတရားအတိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့အထိ လာရောက်ပူး‌ပေါင်းခြင်းမရှိသည့် Non CDM ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာအရေးယူအပြစ်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သတ်မှတ်ရက်အတွင်း လာရောက်ပူးပေါင်းခြင်း မပြုလုပ်သူများအား စည်းရုံးသိမ်းသွင်းခြင်းများပြုလုပ်၍ သတိပေးခြင်း ၊ ခံဝန်ထိုးခိုင်းခြင်းများ အပါအဝင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂(က) ဖြင့် တဆင့်ခြင်းဆောင်ရွက် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လာရောက်ပူးပေါင်းမည့် Non CDM များသည် အစိုးရ၊ ဒေသဆိုင်ရာအာဏာပိုင်များ ပိုင်ဆိုင်သည့် ၊ လွှဲအပ်ထားသည့် ၊ အသုံးပြုရန်ရည်ရွယ်ထားသည့် သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကရိယာ တန်ဆာပလာများနှင့် အခြားပစ္စည်းများကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့သို့ စနစ်တကျအပ်နှံရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDM ဝန်ထမ်းများနှင့် တော်လှန်ရေးကို ထိရောက်စွာကူညီခဲ့ကြောင်း အထောက်အထားခိုင်လုံသည့် Non CDM ဝန်ထမ်းများမှ တာဝန်ထမ်းဆောင်ရန်လျှောက်ထားပါက “CDM ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း” နှင့်အညီ စီစစ်၍ ကာလတို စာချုပ်ဖြင့် တာဝန်ပေးထားမည်ဖြစ်ကြောင်း ဆိုသည်။

မြင်းမူမြို့နယ်အတွင်း CDM ပြုလုပ်သူနှင့် မပြုလုပ်သူ အရေအတွက် ဆတူခန့်ရှိနေပြီး အချို့ဝန်ထမ်းများမှာ CDM မပြုလုပ်သော်လည်း အလုပ်လုပ်ကိုင်ခြင်းမရှိဘဲ အခြားမြို့ရွာများတွင် ပြောင်းရွှေ့နေထိုင်ခြင်းများရှိကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

အလားတူ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ၎င်းတို့မြို့နယ်အတွင်းရှိ Non CDM များကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ နောက်ဆုံးထား၍ လာရောက်ပူးပေါင်းကြရန် ထုတ်ပြန်သတိပေးထားသည်။

မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေကြပြီဖြစ်ရာ  နိုင်ငံအနှံ့အပြား စစ်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြင့်မားစွာဖြင့် လှုပ်ရှားနေချိန်တွင် Non CDM ဝန်ထမ်းများသည် ဌာနဆိုင်ရာ စာရွက်စာတမ်းများကို  သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံပြီး လာရောက်ပူးပေါင်းကြရန် NUG က နိုဝင်ဘာလ ၁၆ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Non CDM ဝန်ထမ်းများအနေဖြင့်  ပေးအပ်ထားသည့် နောက်ဆုံးသော အခွင့်အရေး အနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့် ပြင်းထန်းစွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေခံ ယူရမည်ဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required