မင်းကွန်းရဲစခန်းအနီးနေသူများ နို၀င်ဘာ ၁၉ ရက်မတိုင်မီ ပြောင်းရွှေ့ကြရန် PDF အသိပေး

By 007(မဇ္စျိမ)
17 November 2023
မင်းကွန်းရဲစခန်းအနီးနေသူများ နို၀င်ဘာ ၁၉ ရက်မတိုင်မီ ပြောင်းရွှေ့ကြရန် PDF အသိပေး
ပုံအညွှန်း-မင်းကွန်းနယ်မြေရဲစခန်း(ပုံဟောင်းအသုံးပြုထားသည်။(ဓာတ်ပုံ- CJ)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ မင်းကွန်း‌ကျေးရွာရဲစခန်းအနီး နေထိုင်ကြသူများ နို၀င်ဘာလ ၁၉ ရက်နေ့မတိုင်မီ အခြားနေရာများသို့ ပြောင်းရွှေ့ပေးရန် မင်းကွန်း PDF က အသိပေးသတင်းထုတ်ပြန်သည်။

နို၀င်ဘာ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး ကြိုတင်ရှောင်ရှားနိုင်ရန် အသိပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မင်းကွန်းရဲစခန်း အနီးပတ်လည်တွင် နေထိုင်သူများအနေဖြင့် ၁၉.၁၁.၂၀၂၃ နေ့မတိုင်မီ ရွှေ့ပြောင်းနေထိုင်ကြရန် အသိပေးအပ်သည်၊ အသိပေးကာလပြီးဆုံးသည်အထိ ရွှေ့ပြောင်းခြင်းမပြုဘဲ ဆက်လက်နေထိုင်၍ ထိခိုက်မှု တစုံတရာ ရှိလာပါက လုံး၀တာ၀န်ယူ ဖြေရှင်းမည်မဟုတ်ကြောင်းအသိပေးအပ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းမြို့မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ မင်းကွန်းကျေးရွာ နယ်မြေရဲစခန်းသည် မင်းကွန်းရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ပါ၀င်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က အင်အား ၅၀ခန့်ဖြင့် အထိုင်ချတပ်စွဲထားကြောင်း သိရသည်။

“အခု သူတို့(စစ်ကောင်စီတပ်ဖွဲ့)ဘက်ကလည်း ခံစစ်ပြင်ဆင်ထားတာ တွေ့ရတယ်၊ လပခ(မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)နဲ့ စစ်ကိုင်းတပ်နယ်ကို ပစ်ကူစစ်ကူတောင်းထားတယ်လို့လည်း သတင်းတွေထွက်နေတယ်၊ ဒီရက်ထဲ မင်းကွန်းဘုရားဖူးဆိုတာတွေ မလာကြဖို့ အသိပေးချင်တယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ စစ်ကိုင်းမြို့ခံသတင်းရင်းမြစ်က ပြောသည်။

မင်းကွန်း PDF (Mingun People Defence Force)ကို အရေးပေါ်အခြေအနေအရ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး Non CDM  များနှင့် ရဲစခန်းကိုဆက်ကြေးပေးပြီး လောင်းကစားဝိုင်း ထောင်စားသူများကိုလည်း စာရင်းအတိအကျ ရထားပြီးဖြစ်သဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း နို၀င်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အဆိုပါ မင်းကွန်းနယ်မြေရဲစခန်းအား ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်၊ ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် Unicorn ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။       ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required