လောက်ကိုင်မြို့အနီး စစ်ကောင်စီ၏ ခုတ်ထန်စခန်းအား MNDAA ထပ်မံသိမ်းယူ

By ရွှေနွယ်(မဇ္ဈိမ)
17 November 2023
လောက်ကိုင်မြို့အနီး စစ်ကောင်စီ၏ ခုတ်ထန်စခန်းအား MNDAA ထပ်မံသိမ်းယူ

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီး၊ ကိုးကန့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်၏ ခုတ်ထန်စခန်းအား ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့က မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)မှ ထပ်မံသိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ဆင်ရေး ၁၀၂၇ ၏ ၂၁ ရက်မြောက်နေ့ဖြစ်သော နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ အဆိုပါ ခုတ်ထန် စစ်ကောင်စီတပ်စခန်းအား MNDAA မှစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် ခြောက်နာရီခန့်အကြာ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ခုတ်ထန်ကတော့ ပါစင်ကျော်ရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့ တပ်စခန်းတခုဖြစ်တယ်။ စခန်းက နည်းနည်းကြီးတယ်။ ဒါပေမယ့် အဲ့ထဲမှာ ဘယ်တပ်ရင်းထိုင်နေလဲဆိုတာ အသေးစိတ်မသိရသေးဘူး။ ချေမှုန်းနိုင်တာလည်းရှိတယ်။ ဒါပေမယ့်နောက်ဆုံးတော့ အကုန်လုံးထွက်ပြေးကြတယ်" ဟု MNDAA ၏ ပြောခွင့်ရသူ လီကျားဝင်းမှ မဇ္ဈိမကိုပြောသည်။

အဆိုပါ ခုတ်ထန်စခန်းသည် လောက်ကိုင်မြို့နှင့် ၁၁ မိုင်ခန့်အကွာတွင်တည်ရှိပြီး MNDAA မှ သိမ်းယူထားသည့် ပါစင်ကျော်ကျေးရွာနှင့် လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။

MNDAA သည် ချင်းရွှေဟော်မှ ပါစင်ကျော်ဒေသအထိ တကြောလုံးအား သိမ်းပိုက်ထားပြီးဖြစ်ကြောင်း လီကျားဝင်းမှ မဇ္ဈိမကိုအတည်ပြုဖြေကြားထားသည်။

ထို့ပြင် လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်ကြောင်းလည်း MNDAA မှ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။

ထို့နောက် လောက်ကိုင်မြို့တွင် နိုဝင်ဘာ ၁၄ ရက်နေ့မှစတင်ကာ လျှပ်စစ်မီးများပြတ်တောက်လျက်ရှိသောကြောင့် မြို့ခံများအခက်အခဲကြုံနေကြရကြောင်းလည်းသိရှိရသည်။

"လောက်ကိုင်တမြို့လုံးပျက်တာ၊ ပိုတောင်ဒုက္ခရောက်နေတယ်၊ ဒကစ ကနေ မြို့ပြင်ကို လှမ်းပစ်တာ ဒါတော့ နေတိုင်းပါပဲ၊ အရင်တိုင်းပါပဲ၊ တရက်ကို ၁၀ ခေါက်လောက်တော့ သူတို့ ပစ်သွားတာရှိတယ်။ ဒကစ က လောက်ကိုင်မြို့ထဲမှာ အကြီးဆုံး စခန်းပဲ။ လောက်ကိုင်က ရန်လုံကျိုင်ကြားမှာတော့ အစစ်အဆေးကြမ်းနေတယ်။ စစ်ကောင်စီတွေ ဖမ်းနေတာ" ဟု လတ်တလောလောက်ကိုင်မြို့အခြေအနေနှင့်ပတ်သက်၍ လောက်ကိုင်ဒေသခံတဦးမှ မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ချင်းရွှေဟော်မှတဆင့် လောက်ကိုင်မြို့နှင့် အနီးကပ်ဆုံးနေရာသို့ MNDAA တပ်ဖွဲ့များ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

လောက်ကိုင်မြို့ ပေါက်ပေါက်ကျိုင်ရပ်ကွက်  ဗိုင်းဝိုင်းအနီးတွင် စစ်ကောင်စီတပ်၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-လောက်ကိုင်)တည်ရှိပြီး အဆိုပါ ဒကစ၏လက်အောက်တွင် ခြေလျင်/ခြေမြန်တပ်ရင်း ခုနစ်ခုရှိသည်။

အဆိုပါ တပ်ရင်း ခုနစ်ခုအနက် အမှတ် (၁၂၈)၊ အမှတ် (၃၂၂)၊ အမှတ် (၂၃၉) နှင့် အမှတ် (၁၂၉) တပ်ရင်းတို့သည် လောက်ကိုင်မြို့အနီးတဝိုက်တွင် တည်ရှိသည်။

ထိုတပ်ရင်း လေးခုအနက်မှ ပါစင်ကျော်ရှိ အမှတ် (၁၂၈) တပ်ရင်းအား MNDAA မှသိမ်းယူထားပြီး အမှတ် (၁၂၉) တပ်ရင်း တရင်းလုံးသည် MNDAA ထံ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံပြီးဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly