ကနေဒီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦး သေဆုံး၊ ဗိုလ်မှူးအပါအ၀င်၁၁ဦးဖမ်းမိ

By မဇ္ဈိမ
22 November 2023
ကနေဒီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦး သေဆုံး၊ ဗိုလ်မှူးအပါအ၀င်၁၁ဦးဖမ်းမိ
ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ  Photo/PDF Zoland

ချင်းပြည်နယ်၊တီးတိန်မြို့ရှိ ထွမ်းဗွမ်(ခ)ကနေဒီတောင်ထိပ်မှ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားသုံးဦးသေဆုံးပြီး ဗိုလ်မှူးတဦးအပါအဝင် ၁၁ဦး အရှင်ဖမ်းမိခဲ့ကြောင်း PDF -Zoland က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအင်အား၃၀ခန့်ဖြင့်တပ်စွဲထားသည့် ကနေဒီတောင်ထိပ်စခန်းကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက် နံနက် ၄ နာရီခန့်တွင် PDF -Zoland က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲ ကြာမြင့်ချိန် ၂နာရီခန့်အတွင်း စစ်ကောင်စီထံမှ မိုင်းနှင့်ဆက်စပ်ပစ္စည်းများ၊ လက်နက်မျိုးစုံ (၂၄) လက်နှင့် ကျည်ဆံအမြောက်အများလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဖမ်းမိထားသည့် ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသည် နံနက်ပိုင်းတိုက်ပွဲတွင် စခန်းကိုစွန့်ခွာထွက်ပြေးသွားကြစဥ် PDF -Zoland က လိုက်လံဖမ်းဆီးရာ  ညနေဘက်တွင် ပြန်လည်ဖမ်းမိခြင်းဟုPDF -Zoland က သတင်းထုတ်ပြန်သည်။တိုက်ပွဲအတွင်း PDF-Zoland မှ ရဲဘော် Tg. Kam Liam Pau  ကျဆုံးခဲ့သည်။

တိုက်ပွဲအပြီးတွင် ကနေဒီစစ်စခန်းတောင်ထိပ်၌ PDF -Zoland အလံကို ကာကွယ်‌ရေးရဲဘော်များကလွှင့်ထူခဲ့သည်။  

" ငါတို့ရဲ့သမိုင်းသစ်ကို ငါတို့အသွေးနဲ့ရေးခဲ့ပြီ" ဟု ရေးကာ ဓာတ်ပုံမှတ်တမ်းနှင့်အတူ  PDF -Zolandက သတင်းထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်တွင် နိုဝင်ဘာလ ဒုတိယလပတ်မှ စ၍ စစ်ကောင်စီစခန်းများကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှိန်မြှင့်တိုက်ခိုက်ခဲ့သည်။မြန်မာ-အိန္ဒိယနယ်စပ်ရှိရိဒ်ခေါဒါရ်စစ်စခန်း၊တီအိုချောင်းစခန်းနှစ်ခု၊ဖလမ်းမြို့ရှိ သီးဘွာလ်စစ်ကောင်စီစခန်း၊ကလေး-ဖလမ်း ကားလမ်မပေါ်ရှိ ဗါရ်းစစ်ကောင်စီတပ်စခန်းတို့ကိုလည်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။

 ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်သည့်  CNA, CDF Hualngoram, CDF Thantlang တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့်  နိုဝင်ဘာလ ၁၃ ရက်က ရိခေါ်ဒါရ်မြို့ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ၌  စစ်ကောင်စီတပ်မှ  ဗိုလ်မှူးအပါအဝင် ခုနှစ်ဦး လက်နက်ချခဲ့‌ ကြောင်းသိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly