တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေး စတင်မယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ ထုတ်ပြန်

By မဇ္ဈိမ 
27 November 2023
တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေး စတင်မယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ ထုတ်ပြန်

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်မယ့် စစ်ဆင်ရေး Nationwide Operation ကို ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့ နိုဝင်ဘာလ ၂၇ရက်မှာ နောက်တစ်ဆင့် တက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က  ထုတ်ပြန်လိုက်ပါတယ်။
 နိုဝင်ဘာ ၂၄ ရက်၊ သောကြာနေ့မှာ MNDAA ကိုးကန့်၊ TNLA တအောင်း နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ပါဝင် တိုင်းရင်းသား မဟာမိတ် သုံးဖွဲ့က အခုလို တရားဝင် သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့အချိန်ကနေ ဒီကနေ့အထိ သမိုင်းဝင်စစ်ဆင်ရေးတွေကို တစ်ခုပြီးတစ်ခု ဆင်နွှဲခဲ့ပြီး ပေးဆပ်မှုများစွာနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်ကာ တစ်ဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်နဲ့ ဘုံရည်မှန်းချက်တွေကို စည်းလုံးညီညွတ်စွာ တစ်ဆင့်ချင်း အကောင်အထည်ဖော်နေတယ်လို့ အသိပေးထားပါတယ်။
ညီနောင်သုံးဖွဲ့တို့ စစ်ရေးလှုပ်ရှားရာဒေသတွေမှာ စစ်ရှိန်ဆက်လက်မြင့်တက်နေပြီး သတ်မှတ်ထားတဲ့စစ်ကောင်စီရဲ့ အရေးပါတဲ့ နေရာတွေ၊ စစ်ဆင်ရေးကို အနှောင့်အယှက်ပေးနေတဲ့ နေရာတွေ၊ ရန်သူ့လက်နက်ကြီးကုန်းတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA အနေနဲ့ ကိုးကန့်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေး တစ်လနီးပါးအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ်ပေါင်း ၁၇၀ ကျော် တိုက်ခိုက်သိမ်းပိုက်ထားတာပါ။
အလားတူ ညီနောင်သုံးဖွဲ့ထဲက ကျန်ရှိတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့် တပ်တော် AA တို့ကလည်း ရှမ်းမြောက်နဲ့ ရခိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်းကြီးငယ် ပေါင်း ၉၀ ကျော် သိမ်းပိုက်ရရှိထားပါတယ်။
စစ်ဆင်ရေးအောင်မြင်မှုတွေနဲ့အတူ ဟန်ချက်ညီစစ်ဆင်ရေးကနေ Nationwide Operation တစ်နိုင်ငံလုံးကလူတိုင်း ပါဝင်တဲ့စစ်ဆင်ရေးကြီး ဖြစ်ပေါ်လာမှသာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်နိုင်မှာဖြစ်တာကြောင့် ဒီစစ်ဆင်ရေးကြီးထဲ လူတိုင်း၊ တစ်ယောက်ချင်းစီတိုင်း ပါဝင်ကြဖို့ ညီနောင်သုံးဖွဲ့က တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကတော့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းမြောက်ရှိကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ဘေးလွတ်ရာကို ရွှေ့ ပြောင်းကြဖို့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ သတိပေးလာပါတယ်။
MNDAA ဘက်ကလည်း လောက်ကိုင်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံဆီ အမြန်ဆုံးပြန်ကြဖို့အပါအဝင် လောက်ကိုင်မြို့နေ အရပ်သားတွေအနေနဲ့လည်း စစ်ကောင်စီ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းတွေနဲ့ အမြန်ဆုံး ဝေးဝေးနေကြဖို့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly