စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ မည်သည့်အချိန်မှာမှ တွေ့ဆုံခဲ့ခြင်းမရှိကြောင်း NUG  ထုတ်ပြန်

By မဇ္ဈိမ 
27 November 2023
စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ မည်သည့်အချိန်မှာမှ တွေ့ဆုံခဲ့ခြင်းမရှိကြောင်း NUG  ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွေမှာ အာဆီယံအဖွဲ့တွေနဲ့သာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေနဲ့ တွေ့ဆုံခဲ့တာ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
 “တရားမဝင် အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေအပါအဝင် မည်သူနဲ့မှ မည်သည့်နေရာ၊ မည်သည့်အချိန်မှာမှ တွေ့ဆုံဆက်ဆံတာ လုံးဝမရှိပါ။” ဆိုပြီး NUG နိုင်ငံခြားရေးဌာနက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
အာဆီယံရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုတွေမှာ NUG အနေနဲ့ အဖွဲ့လိုက် သီးခြားတွေ့ဆုံမှု အစီအစဉ်တွေမှာသာ သီးသန့်တွေ့ဆုံ ဆွေးနွေးတာရှိပြီး စစ်ကောင်စီနဲ့ ပတ်သက်သူတွေနဲ့တော့ တွေ့ဆုံဆက်ဆံတာ မရှိကြောင်း ကြေညာချက်မှာ ရှင်းလင်းပြောကြားထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံးက ကျင်းပတဲ့ အစည်းအဝေးတွေကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ နိုဝင်ဘာ ၂ဝ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။ 
အဲဒီအစည်းအဝေးတွေမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီမိုကရေစီ လိုလားသူတွေအပြင် စစ်ကောင်စီဘက်ကနေ ကိုယ်စားပြု ဆွေးနွေးပြောဆိုမယ့်သူတွေ တက်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကို ကိုးကားပြီး နိုဝင်ဘာ ၂၄ ရက်နေ့က AFP သတင်းမှာ ဖော်ပြခဲ့တာပါ။ 
ဒီလို ဆွေးနွေးမှုတွေကနေ သိပ်မကြာခင်မှာ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာဖို့ လက္ခဏာကောင်း ဖြစ်တယ်လို့လည်း ဖော်ပြထားတာကြောင့် NUG ကတော့ ဒါဟာ အာဆီယံ အထူး သံတမန်ရုံးရဲ့ ကောက်ချက်ချမှုသာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ပါတယ်။ 
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အပြည့်အဝကျင့်သုံးနိုင်တဲ့ အခြေအနေ အာမခံချက်မရှိဘဲ ဘယ်လို ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် အလျဉ်းမရှိဘူးဆိုတာကို ရှင်းလင်းစွာ အသိပေးလိုကြောင်း NUG နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီအစည်းအဝေးကို ပဋိပက္ခတွေမှာ ပါဝင်တိုက်ခိုက်နေကြသူ အားလုံးပါဝင်တဲ့ ဆွေးနွေးပြောဆိုမှုတွေ ဖြစ်လာဖို့၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျှော့ချဖို့ နဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်တဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ အဓိက ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
NUG ရဲ့ ထုတ်ပြန်ချက်မှာအာဆီယံက တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ တိုက်တွန်းတိုင်း စစ်အာဏာရှင်အမြစ်ဖြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး အာမခံချက်မရှိဘဲ၊ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သဘောဆန္ဒမပါဘဲ ဘယ်လိုတွေ့ဆုံဆွေးနွေးမှုတွေမှ လုပ်မှာမဟုတ်ကြောင်း ရှင်းလင်းအောင် သဘောထားပေးပြီးဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံးကနေ သက်ဆိုင်သူ အုပ်စုတွေအကြား သတင်းစကား ဖလှယ်နိုင်ဖို့ အကူအညီပေးခဲ့ပြီး၊ အမှန်တကယ် စေ့စပ်ဆွေးနွေးမှုတွေ ဖြစ်မလာခင် အကြိုညှိနှိုင်းမှုဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
လက်ရှိမှာတော့ အောက်တိုဘာ လကုန်ကစပြီး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက နိုင်ငံတဝန်း စစ်ကောင်စီ အခြေစိုက် စခန်းတွေနဲ့ မြို့တချို့ကို စစ်ရေးတွေ ကြေညာပြီး တပြိုင်တည်း ညှိနှိုင်းတိုက်ခိုက်နေပြီး စစ်ရေး အရှိန်မြင့်နေချိန်မှာ အခုလို အင်ဒိုနီးရှားဘက်က တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပြန်လည်ထုတ်ဖော် ပြောဆိုလာတာပါ။
အာဏာသိမ်း စစ်တပ်ကတော့ အဲဒီ ဆွေးနွေးပွဲမှာ မပါဝင်ဘဲ လေ့လာသူ သဘောမျိုးနဲ့သာ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ 
မြန်မာ့အရေးဆွေးနွေးပွဲသို့ စစ်ကောင်စီမှတက်ရောက်ခြင်းမရှိကြောင်းနဲ့ အင်ဒိုနီးရှားအစိုးရဟာ မဟုတ်မမှန်သတင်းတွေနဲ့ မဏ္ဍပ်တိုင်တက်ပြနေကြောင်း စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်ပြောဆိုထားပါတယ်။
အာဆီယံဟာ မြန်မာနိုင်ငံအရေးကို ဘုံသဘောတူညီချက် ငါးချက်နဲ့ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဆီယံ ပဋိညာဉ်မှာပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးမူနဲ့ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီမှုရှိဖို့ လိုအပ်ချက်တွေကြောင့် အာဆီယံရဲ့ ကြိုးပမ်းမှုတွေ မထိရောက်ကြောင်း ဝေဖန်ခံနေရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံဥက္ကဌ အဖြစ်တာဝန်ယူထားချိန်မှာ မြန်မာ့ပြသာနာဖြေရှင်းနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေ ၊ စစ်ကောင်စီ အပါအဝင်  အလွာမျိုးစုံကသက်ဆိုင်သူတွေနဲ့အကြိမ်ပေါင်း ၁၈၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly