နမ့်ခမ်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ် အမျိုးသမီးအပါအဝင် ဒေသခံ ၂ ဦး သေဆုံး

By ဂျူချန်း(မဇ္ဈိမ)
22 November 2023
နမ့်ခမ်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ် အမျိုးသမီးအပါအဝင် ဒေသခံ ၂ ဦး သေဆုံး
ပုံအညွှန်း-ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူများ (PSLF/TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင်းသို့ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တဦး၊​ အမျိုးသား တဦး သေဆုံးကာ အသက် သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ထုတ်ပြန်သည်။

ယမန််နေ့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၄နာရီခန့်တွင် နမ့်ခမ်းမြို့ တောင်ဘက်ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းမှ လက်နက်ကြီး ငါးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နမ့်ခမ်းမြို့တွင်း လူနေထိုင်ရာ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ် အမျိုးသားနှင့် အမျိုးသမီး သေဆုံးခဲ့ရာ အသက် သုံးနှစ်အရွယ် ကလေးငယ်တဦး အပါအဝင် အရပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း PSLF/TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

ပုံအညွှန်း-ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူများ (PSLF/TNLA)

“ခြောက်ဦးက ဒဏ်ရာ ရတယ်၊ နှစ်ဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ဆုံးသွားတဲ့နှစ်ယောက်က အိမ်ထဲမှာနေနေတာ။ အိမ်ဘေးကိုလည်း လက်နက်ကြီးကျတော့ အစထိမှန်တာ။ တော်တော်များများတော့ ဒဏ်ရာ ပြင်းထန်ကြတယ်” ဟု တားအိုက်ကျော်က ပြောသည်။

ဒဏ်ရာ ရရှိသူများအနက် အချို့သည် နမ့်ခမ်းဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး အချို့ကို မူဆယ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းနှင့် မြို့မရဲစခန်းများကို TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ယင်းစခန်းသစ်ကုန်း တခုသာ ကျန်ရှိကြောင်း တားအိုက်ကျော်က ပြောသည်။

ပုံအညွှန်း-ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူများ (PSLF/TNLA)

ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင် နမ့်ခမ်းမြို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ​ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးရခြင်းဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ထုတ်ပြန်ထားသည်။

ယင်းအပြင် နိုဝင်ဘာ ၂၀ ရက်နေ့ ည ၁၁နာရီခွဲ အချိန်ခန့်တွင်လည်း နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦး လက်နက်ကြီးကျည်စထိမှန် သေဆုံးကာ ၎င်း၏ မိဘနှစ်ဦး၊ အကိုဖြစ်သူနှင့် အိမ်နီးချင်း ကလေးငယ်တဦး စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း ထုတ်ပြန်ထားသည်။

“တမန်နေ့ညကပေါ့။ နမ့်ဆန်မြို့နယ်ထဲက အုမ်းစွမ်ရွာထဲကိုလည်း လက်နက်ကြီး လာပစ်ချတော့ ကလေးတယောက် ဆုံးသွားတယ်” ဟု တားအိုက်ကျော်က ပြောသည်။

ပုံအညွှန်း-ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူများ (PSLF/TNLA)

သေဆုံးသွားသည့် အမျိုးသမီးငယ်သည် လွေးမြသန္တာလင်း(၁၄ နှစ်)ဖြစ်ပြီး အမေဖြစ်သူ ဒေါ်မြညွန့်၊ အဖေဖြစ်သူ ကိုလှထွန်း၊ အကိုဖြစ်သူ မိုင်းရဲလင်းနောင်၊ အိမ်နီးချင်းမှ အသက် ၁၃ နှစ်အရွယ် လွေးမြင့်စံ တို့ အသီးသီး ကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေး ၁၀၂၇ ကာလအတွင်း နမ့်ဆန်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ သိန္နီ၊ ကွတ်ခိုင် စသည့် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း PSLF/TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကပြောသည်။

လက်ရှိတွင် သီပေါမြို့နယ်၊ ကျင်သီတံတား၊ လားရှိုးမြို့နယ် မိုင်းကျက်စခန်း၊ လားရှိုးနှင့်သိန္နီလမ်းကြား ၁၃မိုင်နှင့် ၁၄ မိုင် စသည့် နေရာများတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly