ပိုင်ရှင်တူ ကလပ်အသင်းတွေကြား ကစားသမား အငှားခေါ်ယူခွင့် ပိတ်ပင်ရေး အဆိုတင်သွင်းမှု ပရီးမီးယားလိဂ် အရေးနိမ့်

By By PKThawn
22 November 2023
ပိုင်ရှင်တူ ကလပ်အသင်းတွေကြား ကစားသမား အငှားခေါ်ယူခွင့် ပိတ်ပင်ရေး အဆိုတင်သွင်းမှု ပရီးမီးယားလိဂ် အရေးနိမ့်

ပရီးမီးယားလိဂ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပိုင်ရှင်တူကလပ်အသင်းတွေကြား ကစားသမားတွေ အငှားပြောင်းရွှေ့ခြင်းကို ပိတ်ပင်ဖို့ အဆိုပြုတင်သွင်းရာမှာ အရေးနိမ့်ခဲ့ကြောင်း အင်္ဂါနေ့က သတင်းတွေအရ သိရပါတယ်။

ပရီးမီးယားလိဂ်ဟာ ဆော်ဒီအာရေးဗီးယားရဲ့ လူထု ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့အစည်း (Public Investment Fund)က ပိုင်ဆိုင်တဲ့ တခြားကလပ်မှ ကစားသမားတဦးကို နယူးကာဆယ်လို အသင်းတွေထံ အငှားချခြင်းကို ပိတ်ပင်လိုကြောင်း သတင်းတွေက ဆိုပါတယ်။

နယူးကာဆယ်ဟာ လက်ရှိ ဆော်ဒီကလပ် အယ်လ်-ဟီလာလ်မှာ ကစားနေတဲ့ ကွင်းလယ်ကစားသမား ရူဘင်နီဗက်စ်ကို အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

တိုနာလီဟာ လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်မှုအတွက် အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ ၁၀ လကြာ ကစားခွင့် အပိတ်ခံရအပြီး သူ့ကို လက်လွတ်လိုက်ရတဲ့ နယူးကာဆယ်က နီဗက်စ်ကို ဖြည့်သွင်းမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ အင်္ဂါနေ့က လန်ဒန်မှာ ပြုလုပ်တဲ့ ရှယ်ယာရှင်များ အစည်းအဝေးမှာ ဒီပိတ်ပင်တားမြစ်မှုကို မဲပေးထောက်ခံဖို့ ကလပ်အသင်း ၂၀ အနက် ၁၄ သင်း လိုအပ်တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီပိတ်ပင်ချက်ကို မဲပေးမှုက ၁၃-၇ နဲ့သာ အဆုံးသတ်ခဲ့တာကြောင့် နယူးကာဆယ်အနေနဲ့ နီဗက်စ်ကို ဇန်နဝါရီ အငှားနဲ့ ခေါ်ယူခွင့်ရခဲ့ပြီလို့ သိရပါတယ်။

PIF ဟာ နယူးကာဆယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဇွန်လက ဆော်ဒီအာရေးဗီးယားကလပ် အယ်လ်-နာဆာ၊ အယ်လ်-ဟီလာလ်၊ အယ်လ်-အဟ်လီနဲ့ အယ်လ်-အီတီဟဒ်တို့ကိုလည်း လွှဲပြောင်းယူခဲ့ပါတယ်။

ပင်လယ်ကွေ့နိုင်ငံအခြေစိုက် ကစားသမားတွေကို ခေါ်ယူဖို့ ထည့်သွင်းစဉ်းစားမှာလားဟု နယူးကာဆယ်မန်နေဂျာ အက်ဒီဟောင်းကို နိုဝင်ဘာလက မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ “လိုအပ်တဲ့ စံနှုန်းတွေနဲ့ သူတို့တွေ ကိုက်ညီမှုရှိတယ်ဆိုရင် ဘယ်သူကိုမဆို ခေါ်ယူသွားဖို့ ဖွင့်လှစ်ထားတယ်”လို့ သူက ပြောပါတယ်။

အဓိက ဖလားသုံးလုံးရယူခဲ့တဲ့ မန်ချက်စတာစီးတီးဟာ City Football Group ပိုင်ဆိုင်တဲ့ တခြားကလပ်တွေမှ ကစားသမားတွေကို အငှားနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ နောက်ထပ်ထိုးနှက်ချက်တခုအနေနဲ့ ကလပ်တွေက 'New Deal' လို့ ခေါ်တဲ့ အင်္ဂလိပ်ဘောလုံးလိဂ်ရှိ ၎င်းနဲ့ ကလပ်အသင်းတွေအကြား ပေါင်သန်း ၉၀၀ ငွေကြေးဆိုင်ရာ ခွဲဝေမှုကို အတည်မပြုနိုင်ခဲ့ပါဘူး။

ပရီးမီးယားလိဂ်က အင်္ဂါနေ့အစည်းအဝေးမှာ ဒီအဆိုပြုမှုကို အတည်ပြုဖို့ မျှော်လင့်ထားပေမယ့် ထောက်ခံမဲ မရခဲ့ဘူးလို့ နားလည်ထားပါတယ်။

သုံးနာရီကြာ ဆွေးနွေးနေပေမယ့်လည်း ပရီးမီးယားလိဂ်နဲ့ EFL လိဂ်နှစ်ခုလုံးရဲ့ကလပ်အသင်းတွေအတွက် ကုန်ကျစရိတ်ထိန်းချုပ်မှု အစီအမံအသစ်တွေနဲ့ ပတ်သက်လို့ အတားအဆီးတခုက ရှိနေဆဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ အင်္ဂလိပ်ဘောလုံးလောကမှာ အမှီအခိုကင်းတဲ့ ထိန်းကျောင်းမှုအသစ်ကို မထည့်သွင်းခင်မှာ ယင်းကိစ္စကို ဖြေရှင်းလိုတာဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required