ကျောက်ကြီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းမှဗုံးကြဲ

By YT(မဇ္ဈိမ)
22 November 2023
ကျောက်ကြီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းမှဗုံးကြဲ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  စစ်ကောင်စီ တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု နှစ်ရက်ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာသို့ တကြိမ်၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် ရေလဲအရှေ့ရွာ အညာစုပိုင်းဘက်သို့ တကြိမ်၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ဒီနေ့နှစ်ကြိမ်တိုက်ခိုက်သွားတာမှာ ထိခိုက်မှုတွေကိုစုံစမ်းနေဆဲဖြစ်ပါတယ်။ မနေ့ကလည်း သဲကုန်း ဘက်ကိုလာကြဲတာရှိတယ်” ဟု KNU တပ်မဟာ(၃) စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း သဲကုန်းရွာအနီးတဝိုက်သို့ တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ငနွားဆိတ်ကျေးရွာမှ အဖွားအိုတဦးနှင့် ကလေးငယ် တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောကြားသည်။

“မနေ့က ကျောက်ကြီးဘက်ကို လေယာဥ်နဲ့ လာကြဲသေးတယ်။ သဲကုန်းဘက်ကို အဓိကကြဲတာလို့တော့ သိရတယ်။ နှစ်ခါလာကြဲတာမှာ ငနွားဆိတ်ရွာကိုကျပြီး ကလေးတယောက်နဲ့ အဖွားတယောက်ထိသွား တယ်။ ဒဏ်ရာအခြေအနေ မသိရသေးဘူး။ ဘာတိုက်ပွဲမှဖြစ်တာလည်း မရှိဘူး”ဟု ကျောက်ကြီးသတင်း ရင်းမြစ်က မဇ္ဈိမကိုပြောသည်။

နှစ်ရက်ဆက်တိုက် လေကြောင်းမှတိုက်ခိုက်ခံရသည့် ကျောက်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ(၃)နယ်မြေတွင်းတည်ရှိပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသော နယ်မြေဖြစ်သည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် အဆိုပါနယ်မြေအတွင်းနေထိုင်သည့် ဒေသခံများ ၏ အခြေအနေများကို မဇ္ဈိမအနေဖြင့် အသေးစိတ် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျောက်တန်းကျေးရွာသို့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဖွားအိုတဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ် ထံ မှ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly