ကုလသမဂ္ဂတရားရုံးရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု အမှု၌ နိုင်ငံ ၆ နိုင်ငံ ကြားဝင်ဆောင်ရွက်

ကုလသမဂ္ဂတရားရုံးရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု အမှု၌ နိုင်ငံ ၆ နိုင်ငံ ကြားဝင်ဆောင်ရွက်
Photo: AFP

ရိုဟင်ဂျာမွတ်စလင်တို့အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် မြန်မာအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသည့် အမှုနှင့် ပတ်သက်သည့် ဥပဒေ အပိုဒ်ခွဲ ၆၃ အောက်၌ တရားစွဲဆိုမှုတွင် ဂမ်ဘီယာဘက်မှနေပြီး ကြားဝင်ဆောင်ရွက်ကြောင်း ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ယူကေ (ပူးတွဲ) နှင့် မော်လဒိုက်တို့က ထုတ်ပြန်ကြေညာသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နှင့် ယူကေ အစိုးရတို့က နိုဝင်ဘာ ၁၆ ရက်မှစပြီး သတင်းထုတ်ပြန်ချက်များကို ထုတ်ပြန်ထားသည်။

အဆိုပါ နိုင်ငံများ၏ လုပ်ဆောင်ချက်ကို ရိုဟင်ဂျာ အထောက်အကူပြု အဖွဲ့အစည်းများနှင့် NGO များက ကြိုဆိုကြသည်။

၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာက ICJ တရားရုံးသို့ အမှုတင်သွင်းခဲ့ပြီးနောက် ရိုဟင်ဂျာတို့အပေါ် ၂၀၁၇ ခုနှစ်က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည် ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး မြန်မာအပေါ် စွဲဆိုသည့် စွဲချက်များကို ထောက်ခံရန် တရားရုံးရှိ အမှုတွင် အထက်ဖော်ပြပါ နိုင်ငံများက တရားဝင် ကြားဝင်ဆောင်ရွက်ကြခြင်း ဖြစ်သည်။

အောက်ပါတို့သည် ကြားဝင်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ယူကေအစိုးရ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်ဖြစ်သည်။

ICJ တရားရုံးတွင် မြန်မာအပေါ် ဂမ်ဘီယာက စွဲဆိုထားသည့် အမှုတွင် ကြားဝင်ဆောင်ရွက်ကြောင်း ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ယူကေတို့က ပူးတွဲကြေညာချက်တရပ်ကို နိုဝင်ဘာ ၁၅ ရက်တွင် တင်သွင်းသည်။

ယခု တရားစွဲဆိုမှုတွင် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ကာကွယ်တားဆီးခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ကွန်ဗန်းရှင်း (လူမျိုးတုန်းသတ်မှု ကွန်ဗန်;ရှင်း) ကို ချိုးဖောက်မှုများ ရှိသည်ဟု ဂမ်ဘီယာက စွပ်စွဲသည်။ မြန်မာ စစ်တပ် (လုံခြုံရေးတပ်ဖွဲ့များ) သည် ရိုဟင်ဂျာတို့အပေါ် ပျံ့နှံ့ဖြစ်ပေါ်ပြီး အကွက်ချ “ရှင်းလင်းမှု စစ်ဆင်ရေးများ” ကို ကျူးလွန်ခဲ့သလို ထို စစ်ဆင်ရေးများအတွင်း ကျူးလွန်သည့် လူမျိုးတုန်းသတ်မှု လုပ်ရပ်များက လူအစုအပြုံလိုက် သတ်ဖြတ်မှု၊ အဓမ္မကျင့်မှု၊ အခြားသော ပုံစံများဖြင့် လိင်အကြမ်းဖက်မှုများအပြင် ကျေးရွာများကို မီးရှို့ခြင်းဖြင့် အကွက်ကျကျ ဖျက်ဆီးခြင်း၊ နေထိုင်သူများကို မီးလောင်နေသည့်အိမ်များအတွင်း ပိတ်မိစေခြင်း နည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် ရိုဟင်ဂျာတို့ကို အစုအဖွဲ့တခုအဖြစ် လုံးလုံးလျားလျား သို့မဟုတ် တစိတ်တဒေသ ဖျက်ဆီးဖျောက်ဖျက်ရန် ရည်ရွယ်မှုရှိခဲ့သည်ဟု ဂမ်ဘီယာ စွပ်စွဲသည်။

တရားရုံးရှေ့မှောက်တွင် လူမျိုးတုန်းသတ်မှု ကွန်ဗန်းရှင်း၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များအပေါ် ၎င်းတို့၏ အဓိပ္ပါယ်ကောက်ယူမှုကို စီစဉ်တင်ပြရန်အလို့ငှာ တရားရုံး၏ ဥပဒေ အပိုဒ်ခွဲ ၆၃(၂) အောက်တွင် ယခုအမှု၌ ကြားဝင်ဆောင်ရွက်ခွင့်ကို ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ယူကေတို့က ကျင့်သုံးဆောင်ရွက်လျက်ရှိသည်။ လူမျိုးတုန်းသတ်မှု ကွန်ဗန်းရှင်းအရ ပါဝင်လက်မှတ်ထိုးထားသည့် နိုင်ငံများအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးကာကွယ်ရန်နှင့် ကျူးလွန်သူများကို အရေးယူအပြစ်ပေးပြီး တာဝန်ခံခိုင်းစေရန် တာဝန်ရှိသည်။

ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့်ယူကေတို့အနေဖြင့် တာဝန်ယူ၊တာဝန်ခံမှုနှင့် နိုင်ငံတကာ ဥပဒေအမိန့်ညွှန်ကြားချက်များအပေါ် နှစ်မြှုပ်လုပ်ဆောင်မှုကို ထပ်လောင်းအတည်ပြုသလို ကုလသမဂ္ဂ၏ ပင်မ တရားစီရင်ရေး အဖွဲ့အစည်းအဖြစ် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရာတွင် တရားရုံး၏ အရေးပါသော အခန်း ကဏ္ဍကို အလေးပေးထုတ်ဖော်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required