စစ်ကောင်စီက ရေဦးမြို့ကို ခံစစ်အသွင် ပြင်ဆင်နေ

By MTO (မဇ္စျိမ)
09 November 2023
စစ်ကောင်စီက ရေဦးမြို့ကို ခံစစ်အသွင် ပြင်ဆင်နေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ကို  အနီးအနားရှိမြို့နယ်များမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ခေါ်ယူအားဖြည့်ပြီး ခုခံစစ်အသွင် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့မှစတင်ကာ ခင်ဦးအနောက်ခြမ်းရှိ ပျဥ်ထောင်ရွာ၊ အင်းပတ်ကွေ့ အထိုင် ဂိတ်၊ မြင်းဒေါင်းရွာနှင့် မူးတိမ်ချောင်း အထိုင်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ သည်  ရေဦးမြို့အတွင်းသို့ ပြောင်းရွှေ့လာနေကြကြောင်း ရေဦးအခြေပြု People’s Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

“သူတို့စခန်းတွေ ဝင်စီးခံရမှာ၊ ဝင်သိမ်းခံရမှာကြောက်နေတာရော ရေဦးမြို့ကိုဝင်သိမ်းမှာလည်း သူတို့ ဘက်ကကြိုတင်သိထား၊ သတင်းကြားထားတာတွေကြောင့် ရေဦးမြို့အတွင်းကိုပြောင်းရွှေ့ပြီး အင်အား ဖြည့်တင်းတယ်လို့ပဲ ခန့်မှန်းရပါတယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် ရေဦးမြို့ပေါ်ရှိ ကံ့ကော်၊ မော်ကွန်း၊ ဇွဲသန်၊ ပညာနန်းတော် စသည့် ကိုယ်ပိုင်အထက်တန်း ကျောင်းများ၊ ဝင်းနှင့် ရွှေဗိမာန် ကျူရှင်အဆောင်များ၊ ဇဋိလသင်္ကန်းတိုက်၊ အောင်သရဖူဧည့်ရိပ်သာ၊ လျှပ်စစ်ဝင်းအတွင်းရှိ တိုက်အမြင့်များပေါ်တွင် အထိုင်ချတပ်စွဲထားကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

“ရေဦးမြို့ပေါ်က ကျူရှင်တွေနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း တော်တော်များများကို အာဏာသိမ်းချိန် ကစပြီး သူတို့က အပိုင်စီးပြီး သိမ်းထားတယ်၊ တည်းခိုခန်းက အစပေါ့” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အရပ်လေးမျက်နှာရှိ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင်လည်း အင်အား အများအပြား ဖြည့်တင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ ရေဦးမြို့ကို တပ်ခရိုင်မြို့အဖြစ် သတ်မှတ်ပြီး အင်အားအများ အပြားဖြည့်တင်းထားကာ လက်နက်ကြီးတပ်ဆင် အထိုင်ချမှုများလည်း ပြုလုပ်ထားကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required