တရုတ်၏ နည်းပညာ တရားမဝင်လွှဲပြောင်းမှုများကို တန်ပြန်ရန် ဂျီ၇ နိုင်ငံခြားရေးဝန်ကြီးများ ကတိပြု 

တရုတ်၏ နည်းပညာ တရားမဝင်လွှဲပြောင်းမှုများကို တန်ပြန်ရန် ဂျီ၇ နိုင်ငံခြားရေးဝန်ကြီးများ ကတိပြု 

ဂျီ၇ နိုင်ငံများဖြစ်သည့် ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် နည်းပညာတရားမဝင်လွှဲပြောင်းမှုပြုလုပ်သည့် တရုတ်၏ ဆိုးရွားသော အလေ့အ ကျင့်ဆိုးများကို တန်ပြန်ရန်နှင့် စီးပွားရေးအရ အကျပ်ကိုင်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကတိပြုခဲ့ကြသည်။ 

“ကမ္ဘာ့စီးပွားရေးကို ကမောက်ကမဖြစ်စေတဲ့ တရုတ်ရဲ့ ဈေးကွက်နဲ့မလျော်ညီတဲ့ မူဝါဒတွေနဲ့ အလေ့အကျင့် တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ 

နည်းပညာတရားမ၀င်လွှဲပြောင်းခြင်း သို့မဟုတ် အချက်အလက်ပေးခြင်းကဲ့သို့သော ဆိုးရွားသောအလေ့အ ကျင့်များကို တန်ပြန်သွားမည်။ စီးပွားရေးအကျပ်ကိုင်မှုကို ခံနိုင်ရည်ရှိအောင်ကြိုးစားသွားမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အထူးတလည် ကန့်သတ်ခြင်းမရှိဘဲ ကျွန်ုပ်တို့၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ရေးအတွက် အသုံးပြုနိုင်သည့် အဆင့်မြင့်နည်းပညာအချို့ကို ကာကွယ်သွားမည်” ဟု ဂျီ၇နိုင်ငံ များ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ 

ယူကရိန်းနှင့် စစ်ပွဲတွင်  ရုရှားအား ကူညီနေခြင်းကို ရပ်တန့်ရန်လည်း တရုတ်ကို တောင်းဆိုထားသည်။

“နိုင်ငံတကာ အသိုက်အဝန်းရဲ့ တာဝန်သိတဲ့ အဖွဲ့ဝင်နိုင်ငံအနေနဲ့ ဆောင်ရွက်ဖို့ တရုတ်ကို တောင်းဆိုထား ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ယူကရိန်းဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံရဲ့ ပါဝင်မှုကို ကြိုဆိုပါတယ်။ ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားကို မကူညီဖို့ တရုတ်ကို ထပ်လောင်း တောင်းဆိုပါတယ်။ ရုရှားက စစ်ရေးကျုးကျော်မှုကို ရပ်တန့်ဖို့နဲ့ ယူကရိန်းမှာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ပံ့ပိုးပေးဖို့အတွက် ရုရှအား ဖိအားပေးဖို့လဲ တရုတ်ကို တိုက်တွန်းလိုက်ပါတယ်။” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျီ၇ နိုင်ငံခြားရေးဝန်ကြီးများသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါ နိုင်ငံတကာဥပဒေများနှင့် အခြေခံမူများကို လိုက်နာရန် တရုတ်နိုင်ငံအား အလေးထားတောင်းဆိုခဲ့ပြီး ပထဝီဝင်နယ်မြေများ ပြောင်းလဲရန် အတင်းအကျပ် ကြိုးပမ်းမှုများအပေါ် ၎င်းတို့၏ စိုးရိမ်မှုကို ဖော်ပြခဲ့သည်။

"ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများ တစ်ခုလုံးကို ထိန်းသိမ်းရန် တရုတ်တွင် တာဝန်ရှိကြောင်း ကျွန်ုပ်တို့ အလေးအနက် ဖော်ပြပါသည်။ အရှေ့နှင့် တောင်တရုတ်ပင်လယ်အတွင်း လက်ရှိ အခြေအနေများကို တစ်ဖက်သတ် ပြောင်းလဲရန် ကြိုးပမ်းမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခေါင်းဆောင်များသည် ထိုင်ဝမ်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် ၎င်းတို့၏ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ၎င်းတို့၏ စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့ကြသည်။ 

“ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးက နိုင်ငံတကာအသိုက်အဝန်းအတွက် လုံခြုံရေးနဲ့ သာယာဝပြောရေးမှာ မရှိမဖြစ်အရေးပါတယ်ဆိုတာကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုပြီး ရေလက်ကြားဖြတ်ကျော်ပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တောင်းဆိုလိုက်ပါတယ်။ ဂျီ၇ အဖွဲ့ဝင်တွေရဲ့ ထိုင်ဝမ်အရေး၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒတွေ အပါအဝင်အခြေခံရပ်တည်ချက်တွေက ပြောင်းလဲမှုမရှိပါဘူး။” ဟု ၎င်းတို့က ပြောကြားခဲ့သည်။

" ဂျီ၇ ဝန်ကြီးများသည် ကမ္ဘာ့ကျန်းမာရေးညီလာခံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နည်းပညာဆိုင်ရာ အစည်း အဝေးများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများတွင် ထိုင်ဝမ်၏ အဓိပ္ပာယ်ပြည့်ဝစွာပါဝင်မှုကို ထောက်ခံ ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ 

ရှင်ကျန်းနှင့် တိဗက်အပါအဝင် တရုတ်၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန် ကြောင်း လည်း ၎င်းတို့က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required