ဆော်ဒီမြေမှာ ရော်နယ်လ်ဒိုရဲ့ အယ်လ်-နာဆာနဲ့ ယှဉ်ပြိုင်မယ့် မက်ဆီရဲ့ အင်တာမိုင်ယာမီ

By AFP
22 November 2023
ဆော်ဒီမြေမှာ ရော်နယ်လ်ဒိုရဲ့ အယ်လ်-နာဆာနဲ့ ယှဉ်ပြိုင်မယ့် မက်ဆီရဲ့ အင်တာမိုင်ယာမီ
Photo: AFP

လီယွန်နယ် မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရီယာ့ဒ်ရာသီဖလား (Riyadh Season Cup)ပြိုင်ပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်-နာဆာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးလောကက အိုင်ကွန်ကစားသမားနှစ်ဦးရဲ့ နောက်ဆုံးတွေ့ဆုံပွဲဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်ကလပ်နဲ့ ပူးပေါင်းခဲ့ပြီး အမေရိကန်နဲ့ မက္ကဆီကိုကလပ်တွေနဲ့ ယှဉ်ပြိုင်ရတဲ့ Leagues Cup ပြိုင်ပွဲမှာ ချန်ပီယံဆုဆွတ်ခူးခဲ့သူ ဘလွန်းဒီအော် (၈)ကြိမ်ဆုရှင် မက်ဆီဟာ ဘလွန်းဒီအော် (၅)ကြိမ်ရ ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံရဖို့ မျှော်လင့်ရပါတယ်။

 

အသက် ၃၆ နှစ်ရှိ မက်ဆီဟာ အာဂျင်တီးနားအသင်းကို ပြီးခဲ့တဲ့နှစ်ရဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပြီး အသက် ၃၈ နှစ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့ ပြိုင်ဘက်အဖြစ် ကာလရှည်ရပ်တည်ခဲ့ပါတယ်။

 

လာမယ့် ဖေဖော်ဝါရီလ ရီယာ့ဒ်ရာသီဖလားပြိုင်ပွဲမှာ အင်တာမိုင်ယာမီကို ဧည့်သည်နိုင်ငံတကာကလပ်အသင်းအဖြစ် သတ်မှတ်ခဲ့ပြီး ဆော်ဒီပရိုလိဂ်အသင်းတွေဖြစ်တဲ့ အယ်လ်-ဟီလာလ်နဲ့ အယ်လ်-နာဆာတို့ ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Kingdom Arena ကွင်းမှာ ပြိုင်ပွဲကျင်းပမယ့် ပွဲရက်အတိအကျကို ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။

 

မိုင်ယာမီအသင်းဟာ မက်ဆီရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂျော်ဒီ အယ်လ်ဘာနဲ့ ဆာဂျီယို ဘူးစကွက်စ်တို့ကိုလည်း ခေါ်ယူထားခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးဟာ လာလီဂါချန်ပီယံ (၅)ကြိမ်စီရရှိခဲ့တဲ့ ကစားသမားတွေဖြစ်ပါတယ်။

 

လီဗာပူးလ်ရဲ့ ထင်ရှားတဲ့ ကစားသမားဟောင်း ဆာဒီယို မာနေးနဲ့ အင်တာမီလန် အသင်းခေါင်းဆောင်ဟောင်း မာဆယ်လို ဘရိုဇိုဗစ်တို့ကလည်း ချန်ပီယံလိဂ် (၅)ကြိမ်ဆွတ်ခူးထားတဲ့ ရော်နယ်လ်ဒိုရဲ့ အယ်လ်-နာဆာအသင်းမှာ ပူးပေါင်းခဲ့ပါတယ်။

 

အယ်လ်-ဟီလာလ်အသင်းဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ ဘရာဇီးလ်ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ နေမာကို ခေါ်ယူထားပါတယ်။

 

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အယ်လ်-နာဆာသို့ ပြောင်းရွှေ့လာပြီးနောက် ပီအက်စ်ဂျီကို ၅-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ရီယာ့ဒ် All-Star XI  အသင်းနဲ့အတူ ဆော်ဒီအာရေဗီးယားမှာ သူ့ရဲ့ပထမဆုံးပွဲဦးထွက်ပွဲကို ကစားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required