တီးတိန်မြို့ ကနေဒီတောင် စစ်ကောင်စီတပ်စခန်း PDF – Zoland သိမ်းပိုက်

By ပါခွီး (မဇ္စျိမ)
21 November 2023
တီးတိန်မြို့ ကနေဒီတောင် စစ်ကောင်စီတပ်စခန်း PDF – Zoland သိမ်းပိုက်
ပုံအညွှန်း - PDF – Zoland တပ်ဖွဲ့ဝင်များ /ဓါတ်ပုံ - PDF – Zoland

ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း PDF – Zoland တာဝန်ရှိသူတဦးက ပြောသည်။

ကလေး - တီးတိန် ကားလမ်းဘေးတွင်တည်ရှိသော ကနေဒီတောင်ပေါ်ရှိ အင်အား ၃၀ ဝန်းကျင်ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၂၁ရက် ယနေ့ နံနက် ၄ နာရီအချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီအချိန်တွင် သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

“စခန်းသိမ်းတာ Confirmed ပါခင်ဗျ ၊ စစ်ကောင်စီတပ်သား အလောင်းတချို့နဲ့ လက်နက်ကြီးကျည်ဆန်တွေရထားတာ ရှိပါတယ်” ဟု PDF – Zoland တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး အရှင်လက်ရဖမ်းဆီးမိသူအချို့ ရှိကြောင်းနှင့် ထွက်ပြေးနေသူများကို လိုက်လံဖမ်းဆီးနေကြောင်းနှင့် PDF – Zoland မှ ရဲဘော် Tg. Kam Lian Pau ကျဆုံးခဲ့ကြောင်းဆိုသည်။

၎င်းအပြင် စခန်းအတွင်းမှ ၄၀မမ နှင့် ၆၀မမကျည်ဆန်များသိမ်းဆည်းရထားပြီး မြေပြင်နှင့်ဆက်သွယ်ရေးအခြေအနေအရ အသေးစိတ်မပြောနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီတပ်က MI-35ဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရာသို့ တိမ်းရှောင်ခဲ့ရကြောင်းသိရသည်။
အဆိုပါ ကနေဒီတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သောကြောင့် ချင်းပြည်မြောက်ပိုင်းအတွက် စစ်ရေးအရ အချက်အချာကျသော နေရာတခုရရှိပြီး တပ်ရွှေ့ပြောင်းလှုပ်ရှားမှုများအတွက် အကျိုးရှိနိုင်ကြောင်း သိရသည်။

တဆက်တည်း ပတ်ဝန်းကျင်ရှိပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လွတ်လပ်စွာလုပ်ကိုင်နိုင်မည်ဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့များ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းအန္တရာယ်ကိုလည်း သတိထား ဖြေရှင်းရန်လိုအပ်နေသေးကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့မှ " စစ်ဆင်ရေး ၁၀၂၇ ” စတင်ဖော်ဆောင်ပြီး စခန်းသိမ်း မြို့သိမ်းတိုက်ပွဲများ ဆင်နွဲခဲ့ပြီးနောက် နိုဝင်ဘာလအတွင်း ချင်းပြည်နယ် ဖလမ်းမြိုနယ် အိန္ဒိယ- မြန်မာနယ်စပ်ရှိ ရိဒ်ခေါ်ဒါစခန်း ၊ သီးဘွာလ်စခန်းများကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။

ဖလမ်းမြို့နယ်အတွင်းရှိ ဗါရ်းစခန်းကို စစ်ကောင်စီတပ်က စွန့်လွှတ်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက် ယနေ့တွင် မတူပီမြို့နယ် လိုင်လင်းပီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိနေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly