မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ  ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

By ပါခွီး (မဇ္စျိမ)
09 November 2023
မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ  ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ပုံအညွှန်း - မြောက်စည်းရဲစခန်းမှ သိမ်းဆည်းရမိသော လက်နက်နှင့် ပစ္စည်းများ (ဓါတ်ပုံ - NUG ကာကွယ်ရေးဝန်ကြီးဌာန)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်စည်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ကိုးဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ရဲများ ပူးတွဲတပ်စွဲထားသည့် မြောက်စည်းရဲစခန်းကို နိုဝင်ဘာလ ၃ ရက်နေ့ကစတင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။

“စခ(စစ်ကောင်စီတပ်သား) အလောင်းကိုးလောင်းရပါတယ်။ ကျနော်တို့ဘက်က မဟာမိတ်ရဲဘော်သုံးဦး ကျဆုံးခဲ့ပါတယ်” ဟု PDF – Kalay တပ်ဖွဲ့ဝင်တဦးကမဇ္စျိမကို ပြောသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) Vakok တပ်ရင်းမှ Salai Thawng Tha Cung (ခ) Cung Te (၁၉ နှစ်)၊ ရိန်းဂျားကာကွယ်ရေးတပ်ဖွဲ့ (RKDF)မှ  ရဲဘော်ဇင်မောင်ဦး (ခ)ညိုလုံး (၁၉ နှစ်)နှင့် ရဲဘော်မင်း ခန့်နိုင်(ခ) MK (၂၁ နှစ်)တို့ကျဆုံးခဲ့ကြောင်း ၎င်းတို့၏တပ်ဖွဲ့များက အသီးသီးထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်စည်းရဲစခန်းမှ လက်နက် များသိမ်းဆည်းရခဲ့မှုကို နိုဝင်ဘာလ ၉ ရက် ယနေ့တွင် ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

လက်နက်အရေအတွက်ကို အတိအကျထုတ်ပြန်ထားခြင်းမရှိသော်လည်း သေနတ်မျိုးစုံအလက် ၂၀ ခန့် နှင့် ကျည်ဘောက်၊ ကျည်ဆန်နှင့် မိုင်းများအပါဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကို ကလေးခရိုင်တပ်ရင်း(၄)၊ CNDF ၊ RKDF ၊ CDF – KKG နှင့် မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့်အပြိုင် နိုဝင်ဘာလပထမအတွင်း၌ ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်း၊တမူး မြို့နယ် ခမ်းပတ်ရဲစခန်း၊ ဝိတုတ်စခန်းနှင့် ချောင်းဦးမြို့ မြပုလဲဆီဆိုင်အနီးရှိ စစ်ကောင်စီတပ်စခန်းတို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့ကြသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly