၁၀၂၇စစ်ဆင်ရေး အောင်မြင်မှုက နွေဦးတော်လှန်ရေးရဲ့အမြင့်မားဆုံး စစ်ရေးမှတ်ကျောက်ဖြစ်

By မဇ္ဈိမ 
08 November 2023
၁၀၂၇စစ်ဆင်ရေး အောင်မြင်မှုက နွေဦးတော်လှန်ရေးရဲ့အမြင့်မားဆုံး စစ်ရေးမှတ်ကျောက်ဖြစ်

၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုဟာ ပြည်တွင်း၊ပြည်ပက လူထုတစ်ရပ်လုံးကို မျှော်လင့်ချက်ရောင်ခြည် အမြင့်မားဆုံးထိ ထွန်းလင်းနိုင်ခဲ့သလို နွေဦးတော်လှန်ရေးမှာ အမြင့်မားဆုံးသော စစ်ရေးမှတ်ကျောက်ကို ရေးထွင်းနိုင်တဲ့အချိန်ကို ရောက်လာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ခုခံတော်လှန်စစ်မှသည် မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲများအထိ တစ်လှိုင်းပြီး တစ်လှိုင်း ဆက်လက်ချီတက်နိုင်မည်လို့ အထူးမျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အတူပူးပေါင်းစစ်ဆင်ရေးများ၏ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီဖြစ်တယ်လို့လည်း  ယာယီသမ္မတကြီးကပြောပါတယ်။

စစ်တပ်ကို နိုင်ငံရေးမှ ထွက်ခွာရေး၊ အာဏာရှင်စခန်း ဖျက်သိမ်းရေးနှင့် ကိုယ်ကံကြမ္မာကိုယ် ဖန်တီးခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို မင်းအောင်လှိုင်နဲ့ စစ်အုပ်စုအပေါင်းပါများက လက်ခံမှသာ ယနေ့ ဖြစ် ပေါ်နေသော ပဋိပက္ခများ အမြန်ရပ်တန့်မှာဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလပြောကြားသည်။

ရှမ်းပြည်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့များရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အောင်မြင်မှု အကြီးအကျယ်ရှိနေပြီး အရှိန်အဟုန်ဖြင့် ဆက်လက် ချီတက်နေကြောင်း၊  ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် မရှေးမနှောင်းကာလကလည်း ကချင်ပြည်နယ်၊ အောင်ဂျာစခန်းအောင်ပွဲကို ကေအိုင်အေနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ပွဲဆင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၁၀၂၇ စစ်ဆင် ရေးမှာလည်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရာနှုန်းပြည့် ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ တိုက်ပွဲဆင်နွှဲကြနေကြောင်း သိရသည်။

၁၀၂၇စစ်ဆင်ရေးကိုပြီးခဲ့သည့် အောက်တိုဘာ(၂၇)ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့ထဲမှာ ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်တပ်‌မတော် (MNDAA) တအာင်းတပ်မတော် (TNLA) တို့က မဟာမိတ်များအဖြစ်ပါဝင်ပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက စစ်ကောင်စီ တပ်စခန်းတွေကို  စတင်တိုက်ခိုက်ခဲ့ပြီးလက်ရှိအချိန်ထိ စစ်ရေးအရှိန်မြှင့်ကာ  မြို့ကြီးတွေမှာ ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊  အမှတ် ၁ စစ်ဒေသ၏ ဦးဆောင်ကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း အထက် ပိုင်း ကောလင်း မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပြီး ပြည်သူလူထု၏ အားပေး ထောက်ခံမှု သည်လည်း  ရရှိခဲ့ရာ ကောလင်းမြို့သိမ်း တိုက် ပွဲကဲ့သို့ တော်လှန်ထိုးစစ်ကို အရှိန်အဟုန်ဖြင့် ထပ်မံ ချီတက်နေသည်မှာ ကလေးမြို့နှင့် တမူးမြို့တို့ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး “နွေဦးတော်လှန်ရေးကာလအတွင်းမှာ အကြီးကျယ်ဆုံးသော မြို့သိမ်းစစ်ဆင်ရေးတွေကို အချိန်အခါ မဆိုင်းဘဲ ထိုးစစ်ဆင် တိုက်ခိုက်နိုင်တာဟာ မဟာမိတ်အင်အားစုတွေရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ညီညွတ်သော ပူးပေါင်းပါဝင်မှုတွေကြောင့် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် သိုသိပ်စွာ ကြိုတင်ပြင်ဆင်နိုင်စွမ်းရှိတဲ့ စစ်ရေးစွမ်းရည်ကို စနစ်တကျ တည်ဆောက်ထားနိုင်လို့ဆိုတာကို မမေ့မလျော့ သတိချပ်စေချင်ပါတယ်” ဟု ယာယီသမ္မတက သတိပေးသည်။

ခုခံတော်လှန်စစ် အရှိန်ကောင်းကောင်းနှင့် ချီ တက်နေချိန်တွင် ခလုတ်တိုက်မှောက်လျက်လဲတာမျိုး မဖြစ်စေအောင် သတိချပ်ရမည်ဖြစ်ကြောင်း၊ မဟာမိတ် စစ်ရေးအင်အားစု အားလုံးနှင့် မပျက်မယွင်းတဲ့ ဆက်ဆံရေးကို အလေးအနက်ထားကာ ခိုင်မာသော ယုံကြည်မှု တည်ဆောက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

စစ်ကောင်စီသည် တိုင်းရင်းသား တော် လှန်ရေးဌာနချုပ်များကို ဗဟိုပြုကာ တိုက်ခိုက်နေသည်ကို အထူး သတိပြုကြဖို့ လိုကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့ အထိနာလေလေ၊ ဗဟိုဌာနချုပ်များကို ပစ်မှတ်ထားကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှု လုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း၊ စစ်ရေးတွင် မည့်သည့်အရာမျှ အသေးအဖွဲ ဟူ၍ မရှိကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။NUG အစိုးရနှင့် တရုတ်အစိုးရတို့ကြား သံခင်းတမန်ခင်း ဆက်ဆံပြောဆိုမှုများတွင် တရုတ် -မြန်မာ နယ်စပ်လုံခြုံရေး ကိစ္စကို အထူးအလေးထား ဆွေးနွေးပြောကြားရန် လိုအပ်ကြောင်း ၊ မြန်မာနိုင်ငံ တဝန်းလုံး တည်ငြိမ် အေးချမ်းရန် နှင့် တရုတ် - မြန်မာနယ်စပ် စစ်ပွဲများ ရပ်တန်နိုင်ရန် အဓိက တာ ဝန်ရှိသူမှာ စစ်ကောင်စီဖြစ်ကြောင်း ယာယီသမ္မတကြီးက ထောက်ပြပြောကြားခဲ့သည်။
     

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly