ကွမ်းလုံမြို့ကို ညီနောင် ၃ ဖွဲ့ ထိန်းချုပ်ထားကြောင်း MNDAA ပြော 

By ဂျူချန်း (မဇ္ဈိမ)
10 November 2023
ကွမ်းလုံမြို့ကို ညီနောင် ၃ ဖွဲ့ ထိန်းချုပ်ထားကြောင်း MNDAA ပြော 
ပုံအညွှန်း- ကွမ်းလုံမြို့ကို ညီနောင် သုံးဖွဲ့နှင့် မဟာမိတ်များ သိမ်းပိုက်နိုင်ခဲ့ကြောင်း အဖွဲ့ဝင်နှစ်ဦး အမှတ်တရ ဓာတ်ပုံရိုက်နေစဥ် (ဓာတ်ပုံ- BPLA)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့ကို ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်တပ်များက ထိန်းချုပ်ထားပြီး မြို့အပြင်ဘက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ပြောခွင့်ရ လီကျားဝင်းက မဇ္ဈိမကို အတည်ပြုသည်။

“ဟုတ်ကဲ့ မြို့ကိုတော့ ကျနော်တို့ သိမ်းထားနိုင်ပါတယ်။ ဒါပေမဲ့ ဘေးတဝိုက်မှာရှိတဲ့ စစ်ကောင်စီနဲ့တော့ တိုက်ပွဲ ဆက်ဖြစ်နေပါသေးတယ်ဗျ။ စစ်ကောင်စီကတော့ ကွမ်းလုံမြို့မှာတော့ မရှိတော့ဘူး။ ဒါပေမဲ့ ဘေးတဝိုက်မှာတော့ ရှိသေးတယ်” ဟု MNDAA ပြောခွင့်ရ လီကျားဝင်း ခေါ် ဦးကျော်နိုင်က မဇ္ဈိမကို ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့တွင် အတည်ပြုပြောသည်။ 

စစ်ဆင်ရေး စတင်သည့်နေ့မှ စတင်ကာ ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် ကွမ်းလုံမြို့ထိန်းချုပ်ထားပြီဖြစ်ကြောင်းနှင့်  ကွမ်းလုံမြို့ကို အလုံးစုံ သိမ်းပိုက် ထိန်းချုပ်နိုင်ရန် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ကြိုးပမ်းလျက်ရှိပြီး  ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းနေကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကွမ်းလုံမြို့နယ်အခြေစိုက် ခလရ(၁၄၃) မှ ဒု-တပ်ရင်းမှူး တဦး နှင့် တပ်ခွဲမှူး နှစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၄၁ ဦးနှင့် ကွမ်းလုံမြို့နယ်၊ ဟဲ့ဟော်ကျေးရွာ အခြေစိုက် ပြည်သူ့စစ်အဖွဲ့ဝင် ၁၅ ဦး လက်နက်ချ အလင်းဝင်လာကြောင်း MNDAA က  အောက်တိုဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ကွမ်းလုံမြို့တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်ပတ်ခန့် ရှိပြီဖြစ်ပြီး လက်ရှိတွင် ကွမ်းလုံမြို့တွင်း သံလွင်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်သားများကို မတွေ့ရတော့ကြောင်း ဒေသခံတဦးက ပြောသည်။

“မြို့ထဲမှာတော့ သူတို့ရှိတယ်(မဟာမိတ်တပ်များ)။  တပ်(စစ်ကောင်စီ)ထဲက အဖွဲ့တွေကတော့ ဒီဘက် သံလွင်အရှေ့ဘက်ခြမ်းကိုတော့ မတွေ့ရဘူး။ ကျနော်တို့ကလည်း ဝေးဝေးကနေရတယ်။ ကွမ်းလုံမှာ ဘုန်းကြီးကျောင်းမှာ မှီခိုနေတဲ့ အဖွဲ့တွေကအစ ရွှေ့နေရတာ။ ကျနော်ကတော့ မနေ့က (နိုဝင်ဘာ ၈) ပဲ​ရွှေ့တာ။​ အရင်ကတော့ အိမ်မှာနေတာပဲ။ အဆင်မပြေဘူးလေ လက်နက်ကြီးကျတာနဲ့ ဘာနဲ့ဆိုတော့ မထူးဘူးဆိုပြီး ထွက်လာလိုက်တာ” ဟု တန့်ယန်းမြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။ 

ကွမ်းလုံမြို့သည် ညီနောင်သုံးဖွဲ့မှ စစ်ဆင်ရေး ၁၀၂၇ စတင်သည့်နေ့တွင် သိမ်းပိုက်ရရှိထားသည့် ချင်းရွှေဟော်မြို့နှင့် ၂၀ ကီလိုမီတာခန့်သာ ကွာဝေးသည့် မြို့ဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ မြို့တို့ကို MNDAA ဦးဆောင်သည့် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး ကွမ်းလုံမြို့သည့် ငါးခုမြောက် MNDAA သိမ်းပိုက်နိုင်သည့် မြို့ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required