ညောင်ခါးရှည် X-Ray ဂိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခရီးစဉ်နှောင့်နှေးမှုများဖြစ်

By YT  ( မဇ္ဈိမ)
09 November 2023
ညောင်ခါးရှည် X-Ray ဂိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခရီးစဉ်နှောင့်နှေးမှုများဖြစ်
ပုံအညွှန်း - ညောင်ခါးရှည် X Ray ဂိတိ ယာဉ်ပိတ်ဆို့မှု မြင်ကွင်း (ဓါတ်ပုံ- Crd ( ပုံဟောင်း))

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ X- Ray စစ်ဆေးရေးဂိတ်တွင် ယာဉ်ပိတ်ဆို့မှုများဖြစ်နေ၍ ကူးသန်းသွားလာရေး နှောင့်နှေးမှုများ ဖြစ်ပေါ်ရကြောင်း ယာဉ်မောင်းများနှင့် ခရီးသွားများထံက သိရသည်။ 

" မနက်ဆို ၅ နာရီမှ စဖွင့်တယ်၊ ညဆို ၁၁၊ အလွန်ဆုံး ၁၂ နာရီအထိပဲဗျာ။ ဒီအချိန်အတွင်းပဲ သွားလာရတာကို စစ်ဆေးနေတာ မပြီးနိုင်ဘူး။ အရင်ကဆို ကျွန်တော်တို့ကားတွေက X Ray ထဲ မဝင်ရဘူး။ လမ်းပေါ်ကနေပဲ ဖြတ်သွားရတာ။ အခုက X- Ray ထဲထိ ဝင်ရတယ်။ ပြီးတော့ဗျာ ရစ်ထုတ်ပြီး စစ်နေတာ၊ တနေ့ တနေ့ ကားထောင်ချီပြီး သွားလာနေတာကို ဒီလိုစစ်နေမှတော့ ကားပိတ်ပြီပေါ့" ဟု အိမ်စီးကား အငှားယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။ 

ယခင်က ကုန်တင်ယာဉ်များနှင့် ခရီးသည်တင် Express ယာဉ်များသာ X- Ray ဂိတ်အတွင်းသို့ ဝင်ရောက်၍ စစ်ဆေးခံရသော်လည်း နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ အိမ်စီးကားများပါ စစ်ဆေးခံရသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပါ်လာခြင်းဖြစ်သည်။

X- Ray ဂိတ်တွင် အဓိကအားဖြင့် လက်နက်၊ ခဲ၊ ယမ်း၊ ဒရုန်း အပါအဝင် တော်လှန်ရေးအင်အားစုများ အဓိကအသုံးပြုသည့် ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိမရှိ စစ်ဆေးခြင်းဖြစ်ပြီး မွန်ပြည်နယ်ဘက်မှ ရန်ကုန်မြို့နှင့် နယ်ဘက်သို့သွားသော အသွားလမ်းကြောင်းပေါ်တွင် စစ်တောင်းတံတားအနီးအထိ ယာဉ်ပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း သိရသည်။ 

" အဓိကက သေနတ်တွေ ကျည်တွေပေါ့ဗျာ၊ အဲ့ဒါတွေကို စစ်တာ။ ရန်ကုန်ဘက် အတက်ဘက် ယာဉ်တွေကို အဓိက စစ်တာ။ ကျန်တာ ဘာမှမဟုတ်ဘူး" ဟု X- Ray ဂိတ်အနီးတဝိုက် ဆိုင်ကယ်ကယ်ရီမောင်းသူတဦးက မဇ္ဈိမကိုပြောသည်။ 

X- Ray ဂိတ်၌သာမက ကျိုက်ထိုမြို့၊ မရမ်းချောင်ကျေးရွာရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်တွင်လည်း စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များသာမက အိမ်စီးကားများကိုပါ စစ်ဆေးမှုများ ပြုလုပ်သဖြင့် နေ့စဉ် ယာဉ်ပိတ်ဆို့မှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required