APEC ညီလာခံမှာ မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချမှုရပ်ဖို့ ဆန္ဒပြ

By မဇ္ဈိမ 
14 November 2023
APEC ညီလာခံမှာ မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချမှုရပ်ဖို့ ဆန္ဒပြ

မြန်မာစစ်ကောင်စီကို လက်နက်တွေ ရောင်းချနေတာ ချက်ချင်း ရပ်ဆိုင်းဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ 

နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် APEC လို့ အတိုကောက်ခေါ်တဲ့ အာရှ-ပစိဖိတ် စီးပွားရေးကော်ပိုရေးရှင်း ထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ့် ကမ္ဘာတဝှမ်းက နိုင်ငံ့ခေါင်းဆောင်တွေ ရောက်လာနေတဲ့အချိန်မှာ ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ APEC  အဖွဲ့ဝင်နိုင်ငံအချို့ဟာ အကြမ်းဖက်စစ်အုပ်စုအတွက် စစ်လက်နက်များ၊ တိုက်လေယာဉ်များ၊ လေယာဉ်ဆီများ၊ ငွေကြေးများနှင့် ဘဏ္ဍာရေးစနစ်များအား ရောင်းဝယ်ခြင်းနဲ့ ကူညီထောက်ပံ့နေခြင်းများလုပ်ဆောင်ပေးလျက်ရှိနေခြင်းကြောင့် ဆန္ဒပြချီတက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံ ဆန်ဖရန်ဆစ်စကိုမြိုမှာ  ကျင်းပနေတဲ့ APEC ညီလာခံ အနီးမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU-USA) မှ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများမှ ဦးဆောင်ကာ မြန်မာ့ဒီမိုကရေစီအရေး တပ်ပေါင်းစုအဖွဲ့ဝင်များ၊ နွေဦးတော်လှန်ရေးအင်အားစုများနဲ့ တိုင်းရင်းသားအင်အားစုတွေဟာ အကြမ်းဖက် စစ်အုပ်စုထံ လက်နက်နဲ့ လေယာဉ်ဆီ ရောင်းချနေမှုများ ရပ်တန့်ရန်၊ စီးပွါးရေး၊ နိုင်ငံရေးများ ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းရန်အတွက် ဖိနှိပ်ညှင်းဆဲသတ်ဖြတ်ခံနေရတဲ့  ပြည်သူများဘက်က ရပ်တည်တဲ့  နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အတူ ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မြန်မာစစ်ကောင်စီကို လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ APEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ စင်ကာပူအပါအဝင် တခြားနိုင်ငံတွေကို မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချတာတွေကို တားမြစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေက အပစ်မဲ့အရပ်သားတွေကိုပါမရှောင် တိုက်ခိုက်နေတာတွေကို တားဆီးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း Burma Act ဥပဒေမှာပါတဲ့အချက်တွေအတိုင်း အမြန်ဆုံးအကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

အခုလိုလက်နက်ရောင်းချပေးတာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်ချက်နဲ့ လူတွေ ထောင်နဲ့ချီသေဆုံးခဲ့ပြီး ဖြစ်သလို ရွာပေါင်း သောင်းနဲ့ချီမီးရှို့ ဖျက်ဆီးခံရကြောင်းလည်း ဆန္ဒပြသူတွေက ထောက်ပြပါတယ်။ 

အခုလို အကျိုးဆက်တွေကြောင့် မြန်မာအစိုးရနဲ့ ရင်းနီးတဲ့ ဆက်ဆံရေးရှိတဲ့ တရုတ်၊ ရုရှားအပြင် အာဆီယံနိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်ကောင်စီနဲ့ ကုန်သွယ်မှုတွေကိုပါ ရပ်ဆိုင်းဖို့လည်း မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုထားကြပါတယ်။
ဒါ့အပြင် လူသားချင်းဆိုင်ရာအကူအညီတွေ ပေးသွားဖို့ကိုလည်း မြန်မာ့အရေး ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly