တိုက်ပွဲပြင်းထန်​နေသည့် မိုးဗြဲနှင့် လွိုင်ကော်တွင် ၃ ရက်အတွင်း အမျိုးသမီး ၄ ဦး အပါ အရပ်သား ၂၀ သေဆုံး၊အသက်မပြည့်သေးသူများနှင့် သက်ကြီးရွယ်အိုများ ပါဝင် 

By 001 (မဇ္စျိမ)
14 November 2023
တိုက်ပွဲပြင်းထန်​နေသည့် မိုးဗြဲနှင့် လွိုင်ကော်တွင် ၃ ရက်အတွင်း အမျိုးသမီး ၄ ဦး အပါ အရပ်သား ၂၀ သေဆုံး၊အသက်မပြည့်သေးသူများနှင့် သက်ကြီးရွယ်အိုများ ပါဝင် 
ပုံအညွှန်း- လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သားများ (ဓာတ်ပုံ- KnHRG)

စစ်​ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်သတ်မှုများကြောင့် ကရင်နီပြည်နယ် ၊မိုးဗြဲနှင့် လွိုင်ကော်မြို့တို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်အတွင်း အရပ်သား  ဦးရေ၂၀ သေဆုံးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

သေဆုံးသူများတွင် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး လေးဦးနှင့် ကျား၊ မအတိအကျ မသိရသေးသူ သုံးဦးပါဝင်ကြောင်း KnHRG ကထုတ်ပြန်ထားသည်။ သေဆုံးသူများမှာ ၁၀ နှစ်အရွယ်ကလေးသူငယ်မှ အသက် ၆၀ ကျော်၊ ၇၀ အရွယ်အထိ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးရှိပြီး ဘုန်းတော်ကြီးတပါးအပါအဝင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး လေးဦးခန့်တို့လည်း ဖမ်းဆီးခံရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က အပြင်တွင် သွားလာနေသည့် အရပ်သားပြည်သူများကိုလည်း ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဒီမနက်(နိုဝင်ဘာ ၁၄)ပဲ ကားတစီးနဲ့ ဆိုင်ကယ်တစီးအပစ်ခံရတယ်။ လွိုင်ကော်မြို့ရဲ့ အထက ၃ ပေါ့။ လေယာဉ်ကွင်းနဲ့နီးတယ်ပေါ့နော်။ အဲ့ဒီမှာအပစ်ခံရတယ်ပေါ့နော်။ အဲ့ဒီလိုမျိုးပေါ့ နည်းနည်းလေးလမ်းပေါ်ထွက်တာနဲ့ တွေ့တာနဲ့ပစ်ပေါ့နော်။ နောက် အဖိုးတယောက်လည်း ဒီမနက်ပဲ ခြောက်နာရီလောက်မှာ အိမ်ရှေ့မှာလမ်းပေါ်မှာ ထွက်လျှောက်ရင်း အပစ်ခံရလို့ဆုံးသွားတာရှိပါတယ်”ဟု KnHRG တည်ထောင်သူ ကိုဗညားကပြောသည်။ 

ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး မြို့တွင်း၊ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းကြရန် တော်လှန်ရေးအဖွဲ့များဘက်က အသိပေးထားသည်။

သို့သော် စစ်ကောင်စီက အပြင်ထွက်ခွင့်မ​ပေးသည့်အတွက် ​နေရာမ​ပြောင်း​ရွှေ့နိုင်သည့် အရပ်သားများလည်းရှိ​နေကြောင်း သိရသည်။

“အရပ်သားတွေက ပိတ်မိတာမဟုတ်ဘူး။ စစ်ကောင်စီက ပေးမထွက်လို့ပါ။ အားလုံးလည်း သိတဲ့အတိုင်းပဲ စစ်ကောင်စီက အစတည်းက သူတို့ကို ရပ်ကွက်ထဲ ပြန်ခေါ်ဝင်တယ်။ ပထမ ၁၁ ရက်နေ့မှာ တိုက်ပွဲဖြစ်တဲ့အတွက် သူတို့က အထဲကိုခေါ်တယ်။ ကျွန်တော်တို့က အပြင်ကိုထွက်ခိုင်းတဲ့အချိန်မှာ သူတို့က အထဲကို ခေါ်ဝင်တယ်။ ခေါ်ဝင်ပြီးတော့မှ အခုနောက်ပိုင်းပြန်ပေးမထွက်တော့ဘူး။ မြို့အဝင်အထွက်ကိုလည်း ပေးမလုပ်တော့ဘူး။ ရပ်ကွက်အဝင်အထွက်ကိုလည်း ပေးမလုပ်တော့ဘူး”ဟုဆိုသည်။

ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ကရင်နီပူးပေါင်းအဖွဲ့များက ၁၁၁၁ စစ်ဆင်ရေးဆင်နွှဲနေခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကတော့လွိုင်ကော်မှာလည်း အပြင်းအထန်တိုက်နေတုန်းပဲ။ နေရာနှစ်ခု သုံးခုမှာ အပြင်းအထန်တိုက်နေတုန်းပဲဗျ။ မိုးဗြဲအခြေအနေတော့မြေပြင်သတင်းမရောက်လာသေးလို့ ပြောကြားလို့မရသေးဘူး။ လွိုင်ကော်မှာ ဒီမနက်  ၅ နာရီဝန်းကျင်လောက်ကနေ စတိုက်တယ်ပေါ့နော်။အခု(​နေ့လယ်)
ထက်ထိပဲ အပြင်းအထန်လေယာဉ်နဲ့ အများကြီးလာတိုက်တယ်”ဟု DMO Local PDF အဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောသည်။

တိုက်ပွဲများကြောင့် လက်ရှိတွင် ဘေးလွတ်ရာသို့ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရသည့် လွိုင်ကော်မြို့နှင့်အနီးတဝိုက်အပါအဝင် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်များမှ ပြည်သူဦးရေ ၃၅,၀၀၀ ကျော်ရှိကြောင်းလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly