ပလက်ဝမြို့နယ်မှ စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်မှု သေနတ် ၃ လက် သိမ်းဆည်းရမိဟု CAN ပြော

By ပါခွီး (မဇ္ဈိမ)
05 November 2023
ပလက်ဝမြို့နယ်မှ စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်မှု သေနတ် ၃ လက် သိမ်းဆည်းရမိဟု CAN ပြော

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အဝင် တောင်ကုန်းရှိ စစ်ကောင်စီတပ်၏ ကင်းစခန်း ကို ဝင်ရောက်တိုက်ခိုက်ရာ သေနတ်သုံးလက် သိမ်းဆည်းလိုက်နိုင်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) တာဝန်ရှိသူထံမှ သိရသည်။

“ကင်းစခန်းတခုကို ဝင်စီးခဲ့တာပါ ၊ MA 1 , MA2, MA3 သေနတ်သုံးလက်ရတယ်၊ ပစ်ခတ်ပြီး အမြန် ပြန်ဆုတ်ခဲ့တဲ့အတွက် သေဆုံးစာရင်းမသိရဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကို ပြောသည်။

ဆမီးမြို့အဝင်တောင်ကုန်းတွင် ယခင်က အင်အား ၅၀ ခန့်ဖြင့်တပ်စွဲထားပြီး ယခု အင်အား ၃၀ ခန့်ရှိသော စစ်ကောင်တပ်၏ ကင်းစခန်းကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၆ နာရီတွင် လျှပ်တပြက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသော်လည်း မဇ္စျိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်သဖြင့် ဆမီးမြို့ ဘားဝရပ်ကွက်နေ အသက် ၃၀ အရွယ် ကလေးမိခင်တဦး ကျည်ထိမှန်ပြီး ပလက်ဝဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း သိရသည်။

ဆမီးမြို့သည် ပလက်ဝ၏အရှေ့ဘက်တွင်တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က ဗျူဟာစခန်းနှင့် ကင်းစခန်း များဖြင့်လုံခြုံရေးယူထားပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ)နှင့် ချင်းအမျိုးသား တပ်မတော် (CNA) တပ်ဖွဲ့များ လှုပ်ရှားသည့်နေမြေ ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က ဆမီးမြို့ရှိ စစ်ဗျူဟာမှူး၏ လူယုံတစ်ဦးဖြစ်သော ယာယီစခန်းမှူး ဒုရဲအုပ် နိုင်ဇော်အောင်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခဲ့သေးသည်။

စာတည်း ။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
#ချင်းပြည်နယ်
#ပလက်ဝမြို့နယ်
#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required