တရုတ်ကာကွယ်ရေးဝန်ကြီး လူမြင်ကွင်းမှပျောက်ဆုံးသွားမှုကို အဖြေရှာခြင်း

By Directus
05 November 2023
တရုတ်ကာကွယ်ရေးဝန်ကြီး လူမြင်ကွင်းမှပျောက်ဆုံးသွားမှုကို အဖြေရှာခြင်း

ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လီရှန်းဖူ လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အကြောင်းကို ဒေသတွင်းနှင့်ကမ္ဘာ့မီဒီယာများတွင် အကျယ်တဝင့်ဖော်ပြခဲ့ကြသည်။ ၂၀၂၃ ခုနှစ် မတ်လတွင် ခန့်အပ်ခံရသော ဗိုလ်ချုပ်ကြီး လီသည် ပွင့်လင်းမြင်သာသော အကြောင်းပြချက်မရှိဘဲ ယခုနှစ်အတွင်း ရုတ်တရက် ပျောက်ကွယ်သွားသည့် ဒုတိယမြောက်အကြီးတန်းအရာရှိ ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကျင်ဂန်းကို ရာထူးမှ ဖယ်ရှားခြင်းနှင့်အတူ ယခုဖြစ်ရပ်သည် သမ္မတ ရှီကျင့်ဖျင်အုပ်ချုပ်မှုအောက်တွင် တရုတ်နိုင်ငံရေး၏ အတွင်းပိုင်း အက်ကြောင်းများနှင့်ပတ်သက်၍ ပြင်းထန်သော ထင်မြင်ချက်များနှင့် မှန်းဆချက်များကို ဖြစ်ပေါ်စေခဲ့သည်။

ဗိုလ်ချုပ်ကြီးလီ ရုတ်ခြည်း ပျောက်ကွယ်သွားခြင်းသည် ရှီ၏ အာဏာစက်ဝန်း တည်ငြိမ်မှုနှင့် ခံနိုင်ရည်ရှိမှုနှင့် ပတ်သက်၍ မေးစရာဖြစ်လာသည်။ ဩဂုတ် ၂၉ ရက်က လူထုရှေ့မှောက်တွင် နောက်ဆုံးအကြိမ် မိန့်ခွန်းပြောပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီး လီသည် တခြားအကြီးတန်းအရာရှိကြီးများနည်းတူ အကြောင်းပြချက်မရှိဘဲ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကာ တရုတ်ကွန်မြူနစ်ပါတီအတွင်း အခြေအနေမကောင်းသည့် အရိပ်လက္ခဏာများဖြစ်သည်။

ဗိုလ်ချုပ်ကြီးလီ ပျောက်ကွယ်သွားသည့်ကိစ္စမှာ အထူးအဆန်းမဟုတ်ပေ။ ထိုဖြစ်ရပ်မတိုင်မီ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကျင်ဂန်း လူမြင်ကွင်းမှ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားမှုမှာလည်း တရုတ်ကွန်မြူနစ်ပါတီအတွင်း မတည်မြဲသော အင်အားနှင့်ပတ်သက်၍ ထင်ကြေးပေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

ရှီ၏ သြဇာလွှမ်းမိုးမှုနှင့် ၎င်းကိုဆက်ခံမည့်သူမရှိသည့် စနစ်တွင်  ထိပ်တန်းခေါင်းဆောင်၏မျက်နှာသာပေးမှုကို ရရှိရန် အထက်တန်းလွှာများအကြား အာဏာလွန်ဆွဲပွဲများသည် ပြင်းထန်လာကာ ရုတ်ခြည်း လူအပြောင်းအလဲများကို ဖြစ်စေခဲ့သည်။

ရှီသည် ကွန်မြူနစ်ပါတီအတွင်း သစ္စာစောင့်သိမှုအပေါ်ကို အလေးထားသည်။ ၎င်း၏ နိုင်ငံရေးအာဏာကို ဆက်လက်ထိန်းသိမ်းထားရန်သာမက အလားအလာရှိသော နိုင်ငံရေးပြိုင်ဘက်များကိုပါ ဖယ်ရှားရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုကို အသုံးချခဲ့သည်။

တစ်ပါတီအာဏာရှင်စနစ်ကိုကျင့်သုံးသည့် တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်တွင် ပွင့်လင်းမြင်သာမှု ကင်းမဲ့မှုသည် အဆိုပါအဆင့်မြင့်အရာရှိများ ပျောက်ကွယ်သွားသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ ထင်ကြေးများနှင့် အယူအဆများကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်စေသည်။

ထို့ပြင် ကျင်ဂန်းနှင့်  ဗိုလ်ချုပ်ကြီး လီကဲ့သို့သော အရာရှိများ ရာထူးမှ အလျင်အမြန် ဖယ်ရှားခံရသည့်  ပုံမှန်မဟုတ်သော မြန်ဆန်သည့် ဖြစ်စဉ်များသည် နိုင်ငံရေး ရာသီဥတုတွင် မှန်းဆမရသော အဆင့်ကို ညွှန်ပြနေပြီး အာဏာလွန်ဆွဲပွဲများဖြစ်နေကြောင်း အရိပ်အမြွက်ပြကာ ကွန်မြူနစ်ပါတီအတွင်း မဟာမိတ်များနှင့် သစ္စာစောင့်သိမှုများ ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်နိုင်သည်။

ထို့ပြင် ဗိုလ်ချုပ်ကြီးလီသည် ရုရှားထံမှ လက်နက်ဝယ်ယူမှုများကို ကြီးကြပ်မှုကြောင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများတွင် ပါဝင်လာခဲ့သည်။ ထိုင်ဝမ်အား အမေရိကန် လက်နက်ရောင်းချမှုကို ကန့်ကွက်သည့်အနေဖြင့် တရုတ်က အမေရိကန်နှင့် စစ်ရေးအရ အဆက်အသွယ်တွေ ရပ်ဆိုင်းလိုက်မှုနှင့် လီအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု  ရုတ်သိမ်းပေးရန် တရုတ်၏ ဖိအားပေးတောင်းဆိုမှုများက တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ရှုပ်ထွေးမှုများနှင့် တင်းမာမှုများကို ဖော်ပြနေသည်။

ရှီ၏ အာဏာအပေါ်ချုပ်ကိုင်မှုမှာ ကြောက်မက်ဖွယ်ကောင်းနေသလို နိုင်ငံရေးနှင့် စစ်ရေးနယ်ပယ်များအတွင်း အဓိကကျသောပုဂ္ဂိုလ်များ လတ်တလော ပျောက်ဆုံးသွားခြင်းသည် တစ်ဦးတည်းသောအာဏာရှင်လက်ထက် အာဏာစုစည်းမှုဝန်းကျင်တွင် ပြင်းထန်သောရှုပ်ထွေးမှုများနှင့် မရေရာမှုများကို မီးမောင်းထိုးပြနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required