ကြာအင်းဆိပ်ကြီး စစ်ဆင်ရေးသည် အခက်ခဲဆုံးဖြစ်ကြောင်း SOF ပြော

By YT(မဇ္ဈိမ)
05 November 2023
ကြာအင်းဆိပ်ကြီး စစ်ဆင်ရေးသည် အခက်ခဲဆုံးဖြစ်ကြောင်း SOF ပြော
ပုံအညွှန်း-ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်အပါအဝင် ပစ္စည်းအချို့။ (ဓါတ်ပုံ- SOF)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်ချစခန်းများအား သွားရောက်တိုက်ခိုက်ခြင်းသည် အခက်ခဲဆုံးစစ်ဆင်ရေးဖြစ်ကြောင်း တောင်ပိုင်းတိုင်းအထူးစစ်ဆင်ရေး တပ်ဖွဲ့(SOF)တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ သွားလုပ်တဲ့ပစ်မှတ်တွေဟာ တကယ့်အမာခံစခန်းတွေဖြစ်တယ်။ သာမန်စခန်းတွေ၊ ဂိတ် တွေမဟုတ်ဘူး။ ကွီလုံတိုင်ဆိုလည်း နယ်စပ်မဆုတ်တမ်းခံစစ်စခန်းဆိုတော့ ခက်ခဲမှုရှိတယ်။ ပြီး တော့ မြို့ထဲမှာဆိုရင်လည်း ဗျူဟာတွေရော၊ လက်နက်ကြီးတွေရော အခြေချထားတဲ့နေရာတွေကို ဝင် တိုက်ရတာဖြစ်တဲ့အတွက်ကို ခက်ခဲမှုအရှိဆုံး စစ်ဆင်ရေးလို့ ပြောလို့ရတယ်” ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မဆုတ်တမ်း ခံစစ်စခန်းဖြစ် သည့် ကွီလုံတိုင်စခန်း၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံး၊ မီးသတ်ရုံး စသည့်နေရာများအား တပြိုင်နက်တည်း သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ Lion Battalion စစ်ကြောင်း၊ Federal Wings ၊ Special Operations Group (SOG)၊ ပုဏ္ဏကတပ်ဖွဲ့နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု SOF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံး၍ အများအပြားဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ထံမှ  MA-1 တလက်၊ MA-2 တလက်၊ ဗုံးလောင်ချာတလက်၊ ကျည်အိမ် ၁၅ ခု၊ ၅.၅၆ ကျည် ၇၉၀ တောင့်၊ ဦးထုပ်နှင့် ကျည်ကာတစုံ၊ ကွန်ပျူတာနှင့် မှတ်တမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း SOF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း Lion Battalion စစ်ကြောင်းမှ ရဲဘော်နှစ်ဦး၊ SOG မှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခြင်းမရှိတော့သော်လည်း စစ်ကောင်စီ တပ်စခန်းများက ဒေသခံများနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် နေ့ညမရွေး ပစ်ခတ်လျက်ရှိကြောင်း ကိုအောင်စံရှားက ဆိုသည်။

“စကစ(စစ်ကောင်စီတပ်)ကတော့ မြို့ပေါ်မှာဆိုရင် သူတို့ရဲ့ ဗျူဟာကုန်း၊ ခလရ (၃၂) အဲဒီကနေပြီးတော့ ၁၂၀၊ ၈၁ စတဲ့ လက်နက်ကြီးတွေနဲ့ နေ့ရောညရော ပစ်ခတ်နေတယ်၊ အနားမှာရှိတဲ့ရွာတွေ၊ သူတို့တွေ ဆီကိုစစ်ကြောင်းထိုးလာနိုင်တယ်ဆိုတဲ့နေရာမျိုးတွေ၊ ဒေသခံတွေရဲ့ စိုက်ခင်းနေရာတွေကို ပစ်မှတ်ထား ပြီးတော့ လက်နက်ကြီးနဲ့ အမြဲပစ်ခတ်နေတာပဲ။ ဒေသခံပြည်သူလူထု ထိခိုက်မှုကလည်း နေ့စဉ်ရှိတယ်" ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင်လည်း KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ ဖိုးချီးမူးစစ်ကောင်စီစခန်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းလာပို့သည့် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ စစ်ကြောင်းအား အဇင်းရွာအနီးတွင် SOF ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နှစ်ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရကာ အဆိုပါ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

စာတည်း ။          ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required