ကလေးမြို့နယ် မြောက်စည်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းဆည်း၊ နှစ်ဖက်အကျအဆုံးရှိ

By ပါခွီး (မဇ္စျိမ)
05 November 2023
ကလေးမြို့နယ် မြောက်စည်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းဆည်း၊ နှစ်ဖက်အကျအဆုံးရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ နှစ်ဖက် အကျအဆုံးများရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များ ထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းအင်အားစုက နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၄ ရက် နေ့ နံနက် ၈ နာရီတွင် သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ပူးပေါင်းအဖွဲ့က သုံးယောက်ကျတယ်၊ စစ်ကောင်စီတပ်ဖက်က အသေခြောက်ယောက်ရ တယ်” ဟု ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါစခန်းအတွင်းရှိ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး သိမ်းယူထားသည့် အရေအတွက်အား အတည်ပြုနေဆဲဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်းနှင့်တိုက်ပွဲအပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့ (CNDF) (Vakok) တပ်ရင်းမှ ရဲဘော်ဆလိုင်းကျွန်းသဲ (Cung Te) နှင့် Ranger Kalay Defend Force မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး ရဲဘော်ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

“သိပ်အားကိုးရတဲ့ရဲဘော်၊ ရှေ့ဆုံးက ဦးဆောင်ပြီး စခန်းအတွင်းစည်းကို ဝင်ရောက်ထိုးဖောက်ပေးတဲ့ ချစ်ရတဲ့ ရဲဘော် Salai Cung Te နောက်ဆံမတင်းဘဲ အေးချမ်းစွာအနားယူပါ ၊ ကျန်ရှိနေသးတဲ့ မပြီးပြတ် သေးတဲ့တာဝန်တွေကို ငါတို့ပြီး ဆုံးခန်းတိုင်အောင် လုပ်ဆောင်သွားပါ့မယ်လို့ ကျဆုံးရဲဘော်များကို တိုင်တည်ပြီး ကတိသစ္စာပြုပါတယ်”ဟု CNDF – Vakok တပ်ရင်းမှ ယမန်နေ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲအပြီး စစ်ကောင်စီလက်အောက်ခံများသည် စခန်းကိုစွန့်ခွာပြီး ရန်ကြီးအောင်စခန်းသို့ သွားရောက် ပူးပေါင်းသွားကြောင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း CNDF တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

အဆိုပါမြောက်စည်းရဲစခန်း စခန်းသိမ်းတိုက်ပွဲကို CNDF , SR4 , PDF Kalay တပ်ရင်း (၂) ၊ (၄) ၊ (၅) ၊(၆) ၊ RKDF နှင့် CDF – KKG တို့က ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်သည့်တပ်ဖွဲ့က အတည် ပြုပြောကြားသည်။

ရုပ်သံအညွှန်း-မြောက်စည်းရဲစခန်းကိုတိုက်ခိုက်နေစဥ်(ရုပ်သံ-CNDF(Vakok)တပ်ရင်း)

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly