စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီက ၁၀၂၇ စစ်ဆင်ရေးကို တန်ပြန်ချေမှုန်းမယ်လို့ ကြွေးကြော်

By မဇ္ဈိမ 
06 November 2023
စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီက ၁၀၂၇ စစ်ဆင်ရေးကို တန်ပြန်ချေမှုန်းမယ်လို့ ကြွေးကြော်

၁၀၂၇ စစ်ဆင်ရေးအတွင်း အထိနာနေတဲ့ စစ်ကောင်စီက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာလ ၂ ရက်နေ့မှာပြုလုပ်တဲ့ နေပြည်တော်က အစည်းအဝေးမှာ ကြွေးကြော်လိုက်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ရက်ပိုင်းမှာ ဝါဒဖြန့်သတင်းစာဖော်ပြချက်အရ တိုက်ပွဲတစ်ပတ်တာအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၄ မြို့ လက်လွှတ်ခဲ့ရပြီးနောက် စစ်ခေါင်းဆောင်က အခုလိုဖွင့်ဟလာတာပါ။

ရှမ်းမြောက်မှာ စစ်စခန်းတွေနဲ့ စစ်ကောင်စီ ရုံးဌာနတွေ တိုက်ခိုက်ခံရကြောင်းနဲ့ မြောက်ပိုင်းအဖွဲ့တွေကို ပြန်လည် ထိုးစစ်ဆင်မယ်လို့ စစ်ကောင်စီ အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောရမှာ စစ်ခေါင်းဆောင်က ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ် သုံးနေရာကိုတော့ လက်လွှတ်ခဲ့ရတယ်လို့ ဝန်ခံထားပါတယ်။

ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေနဲ့ စစ်တပ်ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးအပေါ် လိုက်ပါခြင်းမရှိဘူးလို့စစ်ကောင် စီ က ဆိုထားပါတယ်။

ငြိမ်းချမ်းရေးညှိနှိုင်းဆဲကာလအတွင်း တပ်စခန်းတွေ တိုက်ခိုက်တာမလုပ်ဖို့ စစ်တပ်အနေနဲ့အကြိမ်ကြိမ်ဆက် သွယ် အသိပေးခဲ့ပေမယ့် KIA ဘက်က စစ်တပ်ရဲ့ တပ်စုအဆင့်နယ်မြေလုံခြုံရေးယူနေတဲ့ စခန်းငယ်တွေကိုလည်း သာလွန်အင်အားအသုံးပြုပြီးအလစ်ငိုက်တိုက် ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ၎င်းတို့အနေနဲ့ တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး တန်ပြန်ချေမှုန်းမှုတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က တရားဝင်ထုတ်ပြောလာတာပါ။

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ တပတ်ကြာလာနေပြီ ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်(၃)ဖွဲ့ကတော့ သူတို့ရဲ့ ထိုးစစ်ဟာ အောင်မြင်မှုတွေ ဆက်ရနေတယ်လို့ ပြောကြားလိုက်ပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ကောင်စီ တပ်စခန်း ဒါဇင်နဲ့ ချီနဲ့ မြို့လေးမြို့ကို သိမ်းပိုက်ထားနိုင်ပြီး တရုတ်နိုင်ငံကို ဆက်သွယ်တဲ့ အရေးပါတဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေကို ပိတ်ဆို့ထားနိုင်ကြောင်း ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်မြောက်နေ့မှာ စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော်နဲ့တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများနဲ့ လေယာဉ်ပစ်လက်နက်ကြီးများ အပါအဝင် စစ်လက်နက်ခဲယမ်း များကို သိမ်းဆည်းရမိခဲ့ကြောင်း ညီနောင်မဟာမိတ် အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ညီနောင်မ ဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်သာမက ကရင်၊စစ်ကိုင်းနဲ့ အခြားသော ဒေသတွေမှာ စစ်ရေးအရ အရေးနိမ့်လာနေတာပါ။

လတ်တလောမှာတော့ စစ်ကောင်စီဘက်ကနေ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ် ခတ်မှုတွေကို တန်ပြန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့အပေါ် ဩဇာလွှမ်းမိုးမှုရှိတဲ့ တရုတ်အစိုးရကတော့ အပစ်ခတ်ရပ်စဲကြဖို့နဲ့ သက်ဆိုင်ရာအဖွဲ့တွေ ဆွေးနွေးရေးနဲ့ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်ဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်လုံးအတိုင်းအတာနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးကို အားကောင်းစေတယ်လို့လည်း နိုင်ငံရေး စစ်ရေး သုံးသပ်လေ့လာသူတွေက ရှုမြင်ထားကြပါတယ်။

တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ပေမဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်ရှိတပ်အင်အားအရ အောင်မြင်နိုင်ခြေမရှိဘူးလို့လည်း သုံးသပ်ထားကြပါတယ်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required