စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ကောင်စီတပ်ခန်းတွေ တိုက်ခိုက်ခံနေရပြီး စစ်ရေးအရှိန်မြင့်လာနေ 

By မဇ္ဈိမ 
06 November 2023
စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ကောင်စီတပ်ခန်းတွေ တိုက်ခိုက်ခံနေရပြီး စစ်ရေးအရှိန်မြင့်လာနေ 

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တစ်ပတ်အကြာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ စစ်ရေးအရှိန်မြင့်လာနေတာပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်အနေနဲ့ အာဏာသိမ်းမှု ၃ နှစ်နီးပါးအတွင်း တစ်နိုင်ငံလုံးနီးပါးအနှံ့ စစ်မျက်နှာများစွာ ဖွင့်ထားရပြီး ရှမ်းမြောက်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေကာ ကချင်၊ စစ်ကိုင်း၊ မကွေးနဲ့ ကရင်မှာလည်း အခုရက်ပိုင်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့မှာလည်း မကွေးတိုင်းရှိ ဂန့်ဂေါခရိုင် မင်းရွာရဲကင်းစခန်းအပြင် စစ်ကိုင်းတိုင်းရှိ တမူး၊ ကလေးနဲ့ ကောလင်းက မြို့မရဲစခန်းနဲ့ စစ်တပ်စခန်းတွေကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF Column 3 ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ 

မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စခန်းသိမ်းတိုက်ပွဲတွေကို နိုင်ငံတဝန်းမှာ ဟန်ချက်ညီဖော်ဆောင်တဲ့အနေနဲ့ နှစ်ရက်အတွင်း စစ်ကိုင်းနဲ့ မကွေးက စစ်ကောင်စီရဲ့ စခန်းကုန်း၊ အကျဉ်းစခန်းတွေနဲ့ ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ဖော်ပြပါတယ်။
နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်တို့မှာ စစ်ကိုင်းတိုင်းထဲက ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှ နဲ့ မကွေးတိုင်း ဂန့်ဂေါ စတဲ့ မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့အကြောင်း NUG က ထုတ်ပြောလာပါတယ်။

ဒါအပြင် နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းမှာလည်း စစ်ကိုင်းတိုင်း မြောင်မြို့ပေါ်က မြို့မရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်တဲ့ နေရာတွေကို စစ်ကောင်စီဖက်က လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်နသလို ဒေသခံ အရပ်သားတွေရှိရာ နေရာတွေကိုလည်း လေကြောင်းကနေ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က အတွဲလိုက်ပေါက်ကွဲစေတတ်တဲ့ Cluster ဗုံးတွေ အသုံးပြုတိုက်ခိုက်နေတယ်လို့ လည်း ဆိုကြပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့အထွက်နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ AA၊ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ Operation 1027 လူမှုကွန်ရက်စာမျက်နှာက အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နဲ့ ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီးမှာလည်း မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ Operation 1027 ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required