ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ရွာလုံးကျွတ်တိမ်းရှောင်ရ

By ဓါတု(မဇ္ဈိမ)
05 November 2023
ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ရွာလုံးကျွတ်တိမ်းရှောင်ရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်အင်အားပြနေခြင်းကြောင့် ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် ကျေးရွာအချို့ ရွာလုံးကျွတ်တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ယနေ့ နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်မှစ၍ ရေလယ်ကျွန်းဒေသ မင်းရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်က နေရာအနှံ့သို့ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။

“အိမ်ဝိုင်းထဲမှာအလုပ်လုပ်နေတဲ့ သားအဖနှစ်ယောက် လက်နက်ကြီးအစမှန်ပြီး လည်ပင်းနဲ့ မျက်နှာမှာ ထိလို့ ဆေးကုသမှုခံယူနေရတယ်။ မနေ့က ၁၂၀ မမနဲ့ပစ်တယ်၊ ဒီနေ့ ၆၀ မမနဲ့ပစ်တယ်။ မနေ့က ညဘက် မှာပါ လက်နက်ကြီးတွေနဲ့ပစ်ထားလို့ ဒီညလည်း ပစ်နိုင်ချေရှိတယ်ဆိုပြီး  ငတေရော်နဲ့ ရေယှားက ရွာလုံး ကျွတ် တိမ်းရှောင်နေကြပြီ”ဟု ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ငတရော်နှင့် ရေယှားကျေးရွာတို့မှ ဒေသခံ များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၄ ရက်နေ့တွင် မြင်းခြံမြို့မှ ရေလယ်ကျွန်းဒေသရှိ မင်းရွာသို့ လက် နက်ခဲယမ်းများအပါအဝင် အင်အား ၃၀ ကျော်ဖြည့်တင်းခဲ့ပြီးနောက် ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်အင်ခဲ့သဖြင့် ငတရော်ကျေးရွာမှ ကျွဲ၊ နွားတိရစ္ဆာန်အချို့ လက်နက်ကြီးထိမှန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က အင်အားဖြည့်တင်းသည့်မင်းရွာမှာ ပျူစောထီးခေါင်းဆောင် မျိူးဝင်းခိုင်ဦးဆောင် သော ပျူစောထီးအင်အား ၁၀၀ ဝန်းကျင် အထိုင်ချသည့် ကျေးရွာဖြစ်ကြောင်း၊ ထို့ကြောင့် အင်အားလာ ဖြည့်သည့်စစ်ကောင်စီတပ်အား လမ်းခုလတ်တွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း အထိ အခိုက်စာရင်း အတိအကျမသိရသေးကြောင်း ဒေသတွင်းပကဖအဖွဲ့များက ဆိုသည်။

ပြီးခဲ့သော အောက်တိုဘာလ ၁၂ နေ့က ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာ သဖြင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လှေခုတ်၊ ဆင်တဲ၊ ခြံယာ၊ နွယ်နီ၊ ကျောက်ဖူး၊ ငတရော်ကျေးရွာများကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့သဖြင့် နေအိမ် ၃၀ ထက် မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ လှေခုတ်၊ ငတရော်၊ ဆင်တဲရွာကျေးများမှာ အထိနာခဲ့ကြောင်း သိရ သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required