ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်တိုက်ပွဲတွင် PDF ၆ ဦးကျဆုံး

By YT(မဇ္ဈိမ)
04 November 2023
ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်တိုက်ပွဲတွင် PDF ၆ ဦးကျဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တွင် နိုဝင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်ခြောက်ဦး ကျဆုံးသွားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ဇမိခန်းမ၊ ခြေလျင်တပ်ရင်း ခလရ (၃၂)၊ အားကစားရုံ၊ ကွီလုံတိုင် (ကွီးလက်တဲ)၊ ကနဲလေး စသည့် စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းအပြင် မြေပြင်ထိုးစစ်များဖြင့် ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

တပြိုက်နက်တည်းမှာပင် ကော့ကရိတ်မြို့နယ်ရှိ ခလရ (၉၇) အပါအဝင် မြို့ပေါ် စစ်ကောင်စီတပ်စခန်း အချို့ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သည်။

"စခန်းတွေ သိမ်းနိုင်တဲ့အခြေအနေတော့ မရှိခဲ့ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ဘက်က အသာစီးရတဲ့ နေရာတွေမှာ ရန်သူအကျအဆုံးများတယ်၊ ပြီး သူတို့ဆီကနေပြီးတော့ လက်နက်ခဲယမ်းတချို့ သိမ်းနိုင်ခဲ့တယ်၊ ကျွန်တော်တို့ဘက် ကတော့ Lion က သုံးယောက်ကျတယ်၊ SOG က တယောက်ကျတယ်၊ ကော့ကရိတ်ဘက်မှာက နှစ်ယောက်" ဟု မြေပြင်စစ်ရေး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ကြာအင်းဆိပ်ကြီးတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း Lion Battalion Commando Special Force မှ ဒု- စစ်ကြောင်းမှူး ဗိုလ်စောလား အပါအဝင် ရဲဘော်သုံးဦး ၊ Special Operation Group (SOG) မှ ရဲဘော်မှောင်ကြီးတို့ ကျဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ကော့ကရိတ်တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက်ကို စာရင်းပြုစုနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့ တိုက်ပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက် (၁) မှ ကလေးငယ်တဦး၊ အမျိုးသားတဦး၊ ရပ်ကွက် (၆) မှ သက်ကြီးပိုင်း အဖိုးအိုတဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိခဲ့သည်။

၎င်းတို့သည် စစ်ကောင်စီတပ်ဘက်က အဆက်မပြတ် ပစ်ခတ်ခဲ့သော လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"အိမ်တွေပျက်စီးတာလည်း တော်တော်များတယ်" ဟု ကြာအင်းဆိပ်ကြီးမြို့၊ ရပ်ကွက် (၁) မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တို့အကြား ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ကလည်း နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ဒု- တပ်ရင်းမှူးတဦး အပါအဝင် ၄၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့သည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required