အစ္စရေးက လေဆာသုံး ဒုံးခွင်းလက်နက်သုံးသည်ဆိုသော ရုပ်သံဖိုင်အတု

By Zz (မဇ္ဈိမ)
04 November 2023
အစ္စရေးက လေဆာသုံး ဒုံးခွင်းလက်နက်သုံးသည်ဆိုသော ရုပ်သံဖိုင်အတု

အစ္စရေးက လေဆာသုံးဒုံးခွင်းလက်နက် (Iron Beam) အားအသုံးပြုနေသည်ဆိုသော ရုပ်သံဖိုင်တခု ပျံ့နှံ့နေသည်။ ယင်းရုပ်သံဖိုင်မှာ မှားယွင်းနေသည်။

Ko Kyaw အမည်ရှိ တစ်ခ်တော့ အသုံးပြုသူတဦးမှ လေဆာ ( Israel)  ဟု ထည့်သွင်းရေးသားထားသည့် ရုပ်သံဖိုင်တခုကို ဖြန့်ဝေထားသည်။ ထို့ ပြင် #israel #viral #War #viral #Lazer ဟုလည်း ရေးသားထားသည်။ ရုပ်သံဖိုင်သည် ဒုံးကျည်များကို လေထဲတွင် လေဆာဖြင့် ပစ်ခွင်းနေသည့် ဖိုင်ဖြစ်သည်။ အဆိုပါရုပ်သံဖိုင်အား ဝင်ရောက်ကြည့်ရှုသူ ၁၆၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

ထိုဖိုင်ဖြင့်ပင် AK Htoo အမည်ရှိ ဖေ့စ်ဘုတ်အသုံးပြုသူမှ  “လက်ရှိ အစ္စရေး Vs ပါလစ္စတိုင်းစစ်ပွဲတွင် ပွဲထုတ်နေပြီဖြစ်တဲ့ Iron Beam Best Laser Anti-Missile” ဟု ရေးသားကာ ထပ်မံဖြန့်ဝေထားပြီး ကြိုက်နှစ်သက်သူ ၂,၇၀၀၊ ပြန်လည်မျှဝေသူ ၃၀၀ကျော်နှင့် ကြည့်ရှုသူ ၆၃,၀၀၀ အထိရှိခဲ့သည်။

မဇ္ဈိမ အချက်အလက် စစ်ဆေးသူများမှ ထိုရုပ်သံဖိုင်ကို စစ်ဆေးခဲ့ပြီး ထို ရုပ်သံဖိုင်မှာ ဖိုင်အဟောင်းဖြစ်ပြီး ကာတွန်း -Animation ဖြင့် ပြုလုပ်ထားကြောင်း တွေ့သည်။   

ထို ရုပ်သံဖိုင်သည် ၂၀၁၉ ခုနှစ် ဧပြီလကတည်းက X လူမှုကွန်ရက် (ယခင် တွစ်တာ) တွင် ဖော်ပြထားသည့် ရုပ်သံဖိုင်ဖြစ်သည်။

ရုပ်သံဖိုင်မူရင်းအား အဆင့်မြင့် လေကြောင်းကာကွယ်ရေးစွမ်းရည်များအား ပံ့ပိုးပေးနေသော အဖွဲ့တခုဖြစ်သည့် RTX တွစ်တာစာမျက်နှာမှ ဖြန့်ဝေထားသည်။  ၎င်းတို့ဖြန့်ဝေမှုတွင် ဝေဟင်မှ စစ်ဆင်ရေးလာလုပ်သည့် (သို့မဟုတ်) သူလျှိုလာလုပ်သည့် မောင်းသူမဲ့စနစ်နှင့် လေယာဉ်များအား မည်သို့ဖြေရှင်းနိုင်မည်ကို ဖော်ပြအပ်ပါသည်ဟု ရေးသားကာ Animation - ကာတွန်းပုံဖြင့် ပုံဖော်ထားသည့် ရုပ်သံဖိုင်သာဖြစ်သည်။
လင့် - https://shorturl.at/BDEVX

ထို့အပြင် လေဆာသုံး ဒုံးခွင်းလက်နက် (Iron Beam) အကြောင်းကို ဆက်လက်ရှာဖွေခဲ့ရာ ယခုလက်နက်နှင့်ပတ်သက်၍ သုတေသနပြုစမ်းသပ် စစ်ဆေးနေသော အစ္စရေးအခြေစိုက် ရာဖေးလ် (Rafael) ကုမ္ပဏီမှ အဆိုပါလက်နက်သည် ကနဦးစမ်းသပ်အောင်မြင်မှု အဆင့်သာရှိသေးပြီး လက်တွေ့ အသုံးပြုနိုင်ကြောင်းကို ဖော်ပြထားခြင်းမရှိပေ။
လင့်- https://shorturl.at/zGQR3

အောက်တိုဘာ ၁၈ရက်နှင့် အောက်တိုဘာ ၂၃ရက်တို့တွင်  ပြင်သစ်သတင်းဌာနနှင့် ဗွီအိုအေ သတင်းဌာနများတွင် ယင်းလက်နက်အကြောင်းများ ဖော်ပြထားသော်လည်း အစ္စရေးမှ ယခု ပါလက်စတိုင်းနှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် အသုံးပြုနေကြောင်းကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။
လင့် - https://shorturl.at/ovzBC , https://tinyurl.com/4nzscvnz

ယခုလက်နက်အား အသုံးပြုရန် နောက်ထပ် နှစ်နှစ် မှ သုံးနှစ်အထိ အချိန်ယူရလိမ့်မည်ဖြစ်ကြောင်း ၂၀၂၂ခုနှစ် အောက်တိုဘာတွင် ရာဖေးကုမ္ပဏီက ပြောကြားခဲ့ကြောင်း The Times of India သတင်းဝက်ဘ်ဆိုဒ်မှလည်း ဖော်ပြထားသည်။
လင့်- https://shorturl.at/nsvyZ

အချက်အလက် စစ်ဆေးသည့် အဖွဲ့တခုဖြစ်သည့်  Fact Crescendo Myanmar မှလည်း အဆိုပါအကြောင်းကို အချက်အလက် စစ်ဆေးထား သည်ကိုလည်း တွေ့ရသည်။၊  
လင့် - https://shorturl.at/h1357

ထို့ကြောင့် အစ္စရေးမှ လေဆာသုံးဒုံးခွင်းလက်နက်အား ပါလက်စတိုင်းနှင့်စစ်ပွဲတွင် အသုံးပြုနေသည်ဆိုသော ရုပ်သံဖိုင်မှာ အမှန်တကယ်မဟုတ်ဘဲ Animation ဖြင့်ပြုလုပ်ထားသော ရုပ်သံဖိုင်သာဖြစ်ပြီး အစ္စအရေးအနေဖြင့် ယင်းလက်နက်အား သုံးစွဲကြောင်း မည်သည့်သတင်းဌာနတွင်မှ ဖော်ပြထားခြင်းမရှိပေ။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါ သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required