ဖိုင်အဟောင်းဖြင့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့မှ အင်အား ၆၀ ခန့် ကျဆုံးကြောင်း ဝါဒဖြန့်

By ZZ(မဇ္ဈိမ)
04 November 2023
ဖိုင်အဟောင်းဖြင့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့မှ အင်အား ၆၀ ခန့် ကျဆုံးကြောင်း ဝါဒဖြန့်

လားရှိုးမြို့နယ်၊ မိုင်းတင်းတိုက်ပွဲ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့မှ အင်အား ၆၀ ခန့် သေဆုံးသယောင် ဖြန့်ဝေနေထားသည့် ဗီဒီယိုဖိုင် တခု ပျံ့နှံ့လျက်ရှိနေသည်။ ယင်း ရုပ်သံဖိုင်မှာ ဖိုင်အဟောင်းဖြစ်သည်။

ကျော်စွာ တယ်လီဂရမ် ချန်နယ်မှ နိုဝင်ဘာလ ၁ ရက်နေ့တွင်  "စစ်ပွဲ ကတော့ တဖက်သေ မရှိဘူး၊ နှစ်ဖက်သေပဲ ရှိတယ်။ လားရှိုးမြို့နယ် မိုင်းတင်းတိုက်ပွဲ ဆိုရင် ၅  ရက် ဖြစ်တာ မြောက် ၃ ကောင်အဖွဲ့ အင်အား ၆၀ လောက်ပြုန်းတီးသွားတယ်။" ဟု (မူရင်းအရေးအသားတိုင်း) ရေးသားကာ ရုပ်သံဖိုင် တခုအားဖြန့်ဝေထားသည်။

ထိုရုပ်သံဖိုင်တွင်  စစ်ဝတ်စုံဖြင့် သေဆုံးနေသောသူများအား ရိုက်ကူးထားခြင်းဖြစ်သည်။ ထိုဖိုင်သည် အခြား တယ်လီဂရမ်ချန်နယ်နှင့် ဂရု ခုနစ်ခုတွင် ပျံ့နှံ့လျက်ရှိနေပြီး ကြည့်ရှုသူ ၇၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

ထိုရုပ်သံဖိုင်၏ အပေါ်ညာဘက်ထောင့်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တံဆိပ်ပါရှိပြီး ထိုတံဆိပ်အောက်တွင်လည်း ဖယ်ခုံဇုန်ဟု ပါဝင်သည်။ ထိုမှတဆင့် KNDF ဖယ်ခုံဇုန်၏ တယ်လီဂရမ်ချန်နယ်၌ အဆိုပါရုပ်သံဖိုင် ရှိမရှိကို စစ်ဆေးအတည်ပြုခဲ့နိုင်သည်။

ထိုရုပ်သံဖိုင်မှာ မတ်လ ၁၂ရက်တွင် တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရိုက်ကူးထားခြင်းဖြစ်ကြောင်း KNDF ဖယ်ခုံဇုန်တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်။
လင့် - https://rb.gy/85qnms

ထို့ကြောင့်  လားရှိုးမြို့နယ် မိုင်းတင်းတိုက်ပွဲ၌ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့မှ အင်အား ၆၀ခန့် သေဆုံးသယောင် ဖြန့်ဝေထားသည့်ရုပ်သံဖိုင်မှာ ယခင်ရုပ်သံဖိုင်အဟောင်းအား ဖြန့်ဝေထားခြင်းသာဖြစ်သည်။

ယခုဖြစ်‌ပွားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုက်ပွဲများနှင့်ပတ်သက်သော သတင်းများအား အချိန်နှင့် တပြေးညီ ဖတ်ရှုနိုင်ရန် လိုအပ်သကဲ့သို့  ဖတ်ရှုသော သတင်းများမှာလည်း မှန်ကန် ရန်လိုအပ်သည်။

ထို့ကြောင့် စာဖတ်သူများအနေဖြင့် တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသည့် သတင်းမီဒီယာများ၏ ဖော်ပြချက်များကိုသာ ဖတ်ရှုကြရန်နှင့် တိုက်ပွဲအခြေအနေနှင့် ဆက်စပ်ပြီး ထွက်ပေါ်လာသည့် သတင်းတုများကိုလည်း သတိထားဖတ်ရှုကြရန် တိုက်တွန်းလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါ သည်။

စာတည်း - သန့်ဇော်(သန်လျင်)

Telegram: Contact @kndfpekhonzone

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required