ဂျာယန်ပြည်သူ့စစ်‌ ထောက်ပို့စခန်းကို သိမ်းပိုက်ပြီး တပ်ဖွဲ့ဝင် ၃၈ ဦးကို TNLA ဖမ်းဆီး

By ဂျူချန်း၊ 002 (မဇ္ဈိမ)
04 November 2023
ဂျာယန်ပြည်သူ့စစ်‌ ထောက်ပို့စခန်းကို သိမ်းပိုက်ပြီး တပ်ဖွဲ့ဝင် ၃၈ ဦးကို TNLA ဖမ်းဆီး
ပုံအညွှန်း-ဂျာယန်ပြည်သူ့စစ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (PSLF/TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးရှိ ဂျာယန်ပြည်သူ့စစ်‌ ထောက်ပို့စခန်းကို သိမ်းပိုက်ပြီး တပ်ဖွဲ့ဝင် ၃၈ ဦးကို ဖမ်းဆီးရမိ‌ကြောင်း TNLA က ယနေ့အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါစခန်းကို ယနေ့ နံနက် ၅ နာရီခွဲတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်ပြီး ဗိုလ်မှုးအဆင့်ရှိ လက်ထောက်စခန်းမှုး၊ ဗိုလ်ကြီးအဆင့် ဒု-လက်ထောက်စခန်းမှူး တဦးနှင့် ဗိုလ်အဆင့် ဆေးမှူးတဦး အပါအ၀င် ၃၈ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူ ၃၈ ဦးအနက် လေးဦးကို ထိန်းသိမ်းထားပြီး ၃၄ ဦးကို  လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်‌ကြောင်း TNLA ပြောခွင့်ရသူ တားအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

ပုံအညွှန်း-ဂျာယန်ပြည်သူ့စစ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (PSLF/TNLA)

“အားလုံးပေါင်းကတော့ ၃၈ ယောက်ဖြစ်တယ်၊ လေးယောက်ကတော့ တာဝန်ရှိတဲ့လူတွေမို့ ထိန်းသိမ်းထားတာဖြစ်တယ်၊ ကျန်တဲ့ တပ်ဖွဲ့ဝင်တွေကတော့ ဒီဒေသခံတွေပဲဖြစ်တယ်၊ တိုင်းရင်းသားဒေသခံတွေပဲ ဖြစ်တော့ ကျနော်တို့ နေရပ်တွေကို ပြန်လွှတ်ပေးလိုက်တာပါ” ဟု TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး တားအိုက်ကျော်က မဇ္ဈိမကိုပြောသည်။

သိမ်းပိုက်ခံလိုက်ရသည့် ဂျာယန်ပြည်သူ့စစ်စခန်းသည် စစ်ကောင်စီအတွက် အရေးပါသည့် ထောက်ပို့ကြားစခန်းတခုဖြစ်ပြီး ထောက်ပို့လုပ်ငန်း မလုပ်ရန် အကြိမ်ကြိမ် သတိပေးပြီးမှ တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း TNLA ဘက်က ပြောသည်။

စခန်းအတွင်းမှ လက်နက်မျိုးစုံ (၇၈) လက်၊ ကျည်မျိုးစုံ (၄၃ ) ဖာ၊  (၂၁၈ )ထောင့်၊ စကားပြောစက် ( ၂၁)လုံးနှင့် ယာမဆေးပြား အထုတ်ကြီး ( ၃၉)ထုတ်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ပုံနှင့်တကွ ထုတ်ပြန်သည်။

ပုံအညွှန်း-ဂျာယန်ပြည်သူ့စစ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (PSLF/TNLA)

လက်ရှိတွင် “Operation 1027” အဖြစ် TNLA မှ ဦးဆောင်သည့် တပ်ပေါင်းစုသည် လားရှိုး၊ မိုးမိတ်၊ နမ့်ခမ်း၊ မန်တုံ၊ နောင်ချို စသည့်ဒေသမှ စစ်ကောင်စီ၊ တပ်စခန်း၊ ပြည်သူ့စစ်တပ်စခန်းနှင့် ရဲစခန်းပေါင်း ၂၂ ခုကို သိမ်းဆည်းရရှိထားပြီး ယနေ့အထိ ထိုတပ်စခန်းများအား လက်လွှတ်လိုက်ရခြင်းမရှိဘဲ ပူးပေါင်းတပ်မှ တပ်စွဲထားကြောင်း သိရသည်။

“ကျနော်တို့ဘက်အခြမ်းကတော့ ဒီနေ့အထိဆိုရင် စခန်းပေါင်း ၂၂ လောက် ရှိသွားပြီ၊ လောလောဆယ်တော့ ကျနော်တို့ ရတဲ့စခန်းကို ကျနော်တို့ပဲ ထိုင်နေတယ်၊ ကျနော်တို့အဖွဲ့ပဲ နေရာချထားတယ်၊ ပြန်ပြီးလက်လွှတ်လိုက်ရတဲ့ စခန်းတော့ မရှိသေးဘူး” ဟု ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

ပုံအညွှန်း-ဂျာယန်ပြည်သူ့စစ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (PSLF/TNLA)

စစ်ဆင်ရေး ၁၀၂၇ ကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ဦးဆောင်ကာ ဖော်ဆောင်နေပြီး တပတ်အတွင်း စစ်ကောင်စီတပ်၏ စခန်းကြီး၊ စခန်းငယ် ၁၀၀ ကျော်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းထားသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly