ဒီးမော့ဆိုမြို့နယ်မှ ကျေးရွာများတွင် မြေမြှုပ်မိုင်းများရှိနေ၍ သွားလာနေထိုင်ခြင်းမပြုရန် ကရင်နီတပ် ပေါင်းစု ထုတ်ပြန်

By 001(မဇ္စျိမ)
05 November 2023
ဒီးမော့ဆိုမြို့နယ်မှ ကျေးရွာများတွင် မြေမြှုပ်မိုင်းများရှိနေ၍ သွားလာနေထိုင်ခြင်းမပြုရန် ကရင်နီတပ် ပေါင်းစု ထုတ်ပြန်
Photo - ကရင်နီပြည်နယ် တနေရာတွင် မိုင်းရှင်းလင်းရေးလုပ်နေသည့် KNDF တပ်ရင်း ၂ တပ်ဖွဲ့ဝင်အချို့အား ၂၀၂၂ ခုနှစ် မတ်လအတွင်းက တွေ့ရစဥ် (KNDF B - 02)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများတွင် မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ် သည့်ပစ္စည်းများ ကျန်ရှိနေသေးခြင်းကြောင့် ပြည်သူများအနေဖြင့် သွားလာခြင်း၊ ဝင်ရောက်နေထိုင်ခြင်း လုံးဝမပြုလုပ်ရန် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါနေရာများသည် စစ်မြေပြင်အဖြစ်သတ်မှတ်ထားသည့်ဧရိယာများဖြစ်ပြီး စစ်ကောင်စီဘက်မှ အချိန်မရွေး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများရှိနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲ များဖြစ်လာနိုင်ချေလည်းရှိကြောင်း ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူတဦးက “ကျွန်တော်တို့ တပ်ဖွဲ့ တွေက မသိလိုက်တဲ့အချိန်တွေမှာ သူ့ဟာသူဝင်သွားပြီး မိုင်းထိတာမျိုးလည်း ရှေ့လတွေထဲမှာ ရှိခဲ့တယ်။ အခုနောက်ပိုင်း အတတ်နိုင်ဆုံး ရွာတွေထဲကိုမဝင်ဖို့ လူထုကိုပြောပေမယ့် တချို့တွေက သူ့တို့ဆန္ဒ အလျောက် ခိုးဝင်တာမျိုးတွေရှိတယ်။ အဲဒီလိုတွေရှိတော့ အသက်အန္တရာယ်ရှိနိုင်တယ်။ နောက် မြေမြှုပ် မိုင်းတွေကလည်းအများကြီးရှိတော့ မဝင်ဖို့တားမြစ်ထားတာ ဖြစ်တယ်”ဟု ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ အခြေချနေထိုင်သွားခြင်း၊ တပ်စွဲထား ခြင်းတို့ပြုလုပ်နေပြီး ၎င်းတို့တပ်စွဲသွားသည့်နေရာများတွင် မြေမြှုပ်မိုင်းများထောင်ထားလေ့ရှိကြောင်း KNDF ကပြောသည်။

လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးဆောင်ရွက်နေသည့် ကရင်နီတော်လှန် ရေးအဖွဲ့များထံတွင် အဆင့်မြင့်သည့် မိုင်းရှာဖွေရေးစက်များမရှိဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဆောင် ရွက်နေရသည့်အတွက် မိုင်းရှင်းလင်းရေးဆောင်ရွက်ရာတွင် နှောင့်နှေးမှုများစွာရှိနေကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကျေးရွာများတွင် သွားလာခြင်း၊ ဝင်ရောက်နေထိုင်ခြင်း၊ ပစ္စည်းများ သယ်ဆောင်ခြင်း၊ နေအိမ်ပြန်ကြည့်ခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် ကရင်နီတော်လှန်ရေးအင်အားစု များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

နိုင်ငံတဝှမ်း ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ကြောင့် ၁၂၁ ဦးသေဆုံးပြီး ၅၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း UNICEF ၏ အချက်အလက်များအရ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required