လက်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် အမျိုးသမီးနဲ့ ကလေးအပါအဝင် နေရပ်စွန့်ခွါရသူ ၄၀,၀၀၀ နီးပါးထိရှိလာ

By မဇ္ဈိမ 
06 November 2023
လက်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် အမျိုးသမီးနဲ့ ကလေးအပါအဝင် နေရပ်စွန့်ခွါရသူ ၄၀,၀၀၀ နီးပါးထိရှိလာ

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ သီတင်းတပတ်ကျော် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ သောင်း ၃ ထောင်ကျော်ရှိပြီး အကူအညီ လိုအပ်ချက်တွေ သိသိသာသာ ပိုများလာနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

 ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရင်ကတည်းက စစ်ပြေးဒုက္ခသည် ၁ သောင်း ၅ ထောင်နီးပါး ရှိနေရာက အခု တပတ်ကျော်ကြာကာလအတွင်း နောက်ထပ် ၂ သောင်းကျော် တိုးလာတာကြောင့် အခုဆိုရင် ရှမ်းမြောက်ဒေသမှာ အိုးအိမ်စွန့်ခွာ ထွက်ပေးရသူပေါင်း ၃၇၄၀၀ ကျော် ရှိတယ်လို့ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။ 

မြောက်ပိုင်းမဟာမိတ် ညီနောင်(၃)ဖွဲ့က ရှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းယူတာတွေ စတင် လုပ်ဆောင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က စလို့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း တိုးလာနေတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၂၂) မြို့နယ်ရှိတဲ့အနက် (၉) မြို့နယ်မှာ လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွါးနေတဲ့အတွက် နေရပ်စွန့်ခွါရသူအသစ်များ တိုးပွါးလာပြီး လူနာချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း မြင့်တက်နေကြောင်း ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေဟာလည်း လက်ရှိအချိန်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် အဟန့်အတား ဖြစ်နေပြီး အဓိကကျတဲ့ တံတားတစ်ခုလည်း ဖျက်ဆီးခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်တွေက နေရာအများစုမှာ အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှု အခြေအနေ ဆိုးရွားနေတယ်လို့ UNOCHA က ပြောပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ကစတင်ပြီး မြန်မာစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်မြင့်တက်နေပြီး နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေကို သိသာတဲ့ ထိခိုက်မှုတွေ ရှိစေတယ်လို့လည်း ဆိုပါတယ်။

UNOCHA ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁.၇ သန်းနီးပါးရှိနေပြီး အာဏာမသိမ်းခင်က အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူ နှစ်သန်းနီးပါး ရှိလာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းနဲ့ လက်နက်ကြီးများဖြင့်  စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာများကို ပစ်ခတ်ခြင်းတွေကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး နိုဝင်ဘာလ(၃)ရက်နေ့အထိ စာရင်းတွေအရ အမျိုးသမီးနဲ့ ကလေးသူငယ်များအပါအဝင် သေဆုံးသူ (၁၈) ဦးနဲ့ ထိခိုက်သူဒဏ်ရာရရှိသူ (၄၄) ဦးရှိခဲ့ပြီး တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်လျက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဒေသရှိ စစ်ဘေးရှောင်ပြည်သူတွေတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ အရေးပေါ်လိုအပ်ချက်တွေဖြစ်တဲ့ အစားအသောက်များ ယာယီအမိုးအကာများ နှင့်အသုံးအဆောင်များ လူသားစာနာအကူအညီများကို ရရှိရေးလုပ်ဆောင်ပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required