ရှေ့တန်းရောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားများ လစာထက်ဝက်သာရ

By မင်းထက်(မဇ္စျိမ)
11 November 2023
ရှေ့တန်းရောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားများ လစာထက်ဝက်သာရ
ဓာတ်ပုံ-CHRO

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ရှေ့တန်းထွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လစာတဝက်သာပေး၍ ၎င်းတို့၏ မိသားစုဝင်များက မကျေမနပ်ဖြစ်နေကြကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

ထိုသို့ လစာတဝက်သာ ရရှိသည်မှာ တနှစ်ဝန်းကျင်ခန့်ရှိပြီးဖြစ်ပြီး ရှေ့တန်းမှ  စစ်ကောင်စီတပ်ဖွဲ့ဝင် ပြန်လာမှသာ ကျန်လစာများကို ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အရာရှိများမှာမူ လစာအပြည့်ရကြပြီး အခြားအဆင့် စစ်ကောင်စီတပ်ဝင်များဖြစ်သည့် ပအရာခံဗိုလ်၊ ဒုအရာခံဗိုလ်၊ တပ်ကြပ်ကြီး၊တပ်ကြပ်၊ဒုတပ်ကြပ်နှင့် တပ်သားတို့မှာ လစာတဝက်သာရရှိနေခြင်းဖြစ်သည်ဟု ၎င်းကဆို သည်။

"ရှေ့တန်းက တပ်တွေပြန်လာမှ ကျန်တဲ့ပိုက်ဆံတွေကို ပေးမယ်လို့ပြောတယ်။ လစာက ၁၅၀,၀၀၀ လောက်ရတာကို တဝက်ဖြတ်တော့ တော်တော်ဒုက္ခရောက်တယ်။ တပ်ထဲက မိသားစုတွေဘယ်သူမှ မကျေနပ်ကြဘူး"ဟု တပ်တွင်း သတင်းရင်းမြစ်ကပြောသည်။

ရှေ့တန်းထွက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရရှိသည့် စစ်ဆင်ရေး နေ့ထွက်စားရိတ်ခ တရက် ၁၂၀၀ ကျပ် ၊ ရိက္ခာစိုငွေ ၇၅၀ တို့ကိုလည်း တပ်ရင်းမှူးများက ပုံမှန်ပေးခြင်းမရှိကြောင်း၊ရှေ့တန်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏မိသားစုများကိုလည်း တပ်ပြင်ပသို့ ထွက်ခွာခွင့်မပြုကြောင်း ဆက်လက်ပြောသည်။

"စစ်ဆင်ရေး နေ့ထွက်စားရိတ်နဲ့ ရိက္ခာစိုငွေတွေကတော့ တပ်တိုင်းမှာရှိတဲ့ တပ်ရင်းမှူးတွေက လိမ်ညာစားနေတာပါ။ လစာတဝက်ပေးနေတာကတော့ တပ်ကထွက်မပြေးအောင်ထိန်းချုပ်ထားတဲ့သဘောလို့မြင်ပါတယ်။ အောက်ခြေအဆင့်တွေကလည်း ဒါတွေကိုသိနေပါပြီ။

တပ်က ထွက်ပြေးချင် ရင်တောင် မိသားစုကတပ်အဝန်းအဝိုင်းထဲမှာ ကျန်နေခဲ့တော့ ပြေးမရတဲ့လူတွေလည်းရှိပါတယ်"ဟု ထိုဖြစ်စဥ်များ အပေါ် CDM ဗိုလ်ကြီးတစ်ဦးက ဝေဖန်သုံးသပ်သည်။

လစာတဝက်သာရရှိနေသည်မှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များမှ စစ်ကောင်စီတပ်သားများတွင်သာမကပဲ အခြားတိုင်းနှင့်ပြည်နယ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း ထိုသို့ပင်ဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်း စစ်ကောင်စီတပ်အင်အား ယခင်ကထက်နည်းလာကြောင်း၊နယ်မြေရှင်းလင်းရေး ခေါင်းစဥ်ဖြင့် ပုသိမ်မြို့နယ်အတွင်း ရက်ရှည်ကင်းလှည့်သည့်အခါ စစ်မြေပြင်အင်ဂျင်နီယာတပ်(GE)မှ စစ်ကောင်စီတပ်သားများကို အသုံးပြုနေကြောင်းတပ်တွင်းသတင်းရင်းမြစ်များ၏ပြောပြချက်အရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required