သမ္မတဦးဝင်းမြင့် မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့်ရ

By Spring
07 November 2023
သမ္မတဦးဝင်းမြင့် မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့်ရ

တောင်ငူအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အောက်တိုဘာလကုန်ပိုင်းမှာ ဇနီးဖြစ်သူ ဒေါ်ချိုချိုက လူချင်းတွေ့ခွင့်ရခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ ထောင်ဝင်စာ လူချင်းတွေ့ဆုံခွင့်ကို စစ်ကောင်စီက ပြန်ပေးပြီးနောက်ပိုင်း အခုလို တွေ့ဆုံခွင့်ရတာပါ။

သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနက သတ်မှတ်ထားတဲ့ အချက်အလက်တွေ အပြည့်အစုံပေးပြီးနောက်မှာ တွေ့ခွင့်ရတာဖြစ်ပြီး ဦးဝင်းမြင့် ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ဦးဝင်းမြင့်ကို ဒီနှစ်ဇန်နဝါရီလမှာ နေပြည်တော်မှာလျို့ဝှက်ထားရှိရာ ကနေ တောင်ငူ ထောင်ကိုပြောင်းလိုက်တာဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရပြီး စစ်ကောင်စီက အမှုပေါင်း ရှစ်မှုနဲ့သူ့ကို တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒီ ၈မှု အတွက် သူ့ကို ကနဦး ထောင်ဒဏ် ၁၂နှစ် ချမှတ်ထားရာကနေ ထောင်ဒဏ်အချို့ကို စစ်ကောင်စီက လျော့ပေါ့ပေးလိုက်တာမို့ လက်ရှိမှာ ထောင်ဒဏ်စုစုပေါင်း ၈နှစ် ကျခံနေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ ထောင်ဝင်စာတွေ့ခွင့် ခွင့်ပြုပြီးနောက် ခုလို နိုင်ငံတော်သမ္မတကို မိသားစုဝင်နဲ့ပေးတွေ့တာဖြစ်ပေမဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လက်ရှိအချိန်အထိ သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

လက်ရှိအချိန်အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ သီးသန့်နေရာတစ်ခုမှာ ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ရဖို့ သူ့ရဲ့ရှေ့နေအဖွဲ့က စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ တရားဝင် စာနဲ့တင်ပြတောင်းဆိုထားပေမယ့် ဒီနေ့ထိ တစ်စုံတစ်ရာ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကလည်း မိခင်ဖြစ်သူနဲ့ တွေ့ဆုံခွင့်ရဖို့ ဒီရက်ပိုင်းမှာပဲ ထပ်မံတောင်းဆိုထားပါတယ်။

လက်ရှိမှာ ထောင်ဝင်စာတွေ့ခွင့်ကို သေဒဏ်နဲ့ ထောင်တစ်သက် ကျနေသူတွေက တစ်လတစ်ကြိမ်၊ တခြားအကျဉ်းသားတွေက တစ်လနှစ်ကြိမ်နဲ့ တရားရင်ဆိုင်ဆဲ အချုပ်သားတွေက တစ်ပတ်တစ်ကြိမ် အကျဉ်းဦးစီးဌာနက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ညီရင် တွေ့ဆုံခွင့်ရနေတယ်လို့ အကျဉ်းဦးစီးဌာနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထောင်ဝင်စာလူတွေ့ခွင့်အတွက် အိမ်ထောင်စုစာရင်းနဲ့ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက် ခံစာနဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း ထောက်ခံစာတွေပါဖို့ လိုတယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဦးဝင်းမြင့်မိသားစုတွေ့ခွင့်မှာလည်း ဒီအချက်အလက်တွေ တင်ပြခဲ့ရတယ်လို့ အဲဒီနီးစပ်သူကပြောပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ကစလို့ အင်းစိန်ထောင်နဲ့ သာယာဝတီထောင် အပါအဝင် အကျဉ်းထောင် တချို့မှာ သေဒဏ်နဲ့ ထောင်တစ်သက် ကျခံနေရသူတွေကို မိသားစုဝင်တွေက ထောင်ဝင်စာ လူချင်းတွေ့ခွင့်ရပြီလို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အကျဉ်းထောင်ရဲ့ ထောင်ဝင်စာတွေ့ခွင့် သတ်မှတ်ချက်တွေအရ သေဒဏ်နဲ့ ထောင်တစ်သက်ကျခံနေရသူတွေကို လတစ်လရဲ့ ပထမဆုံးပတ်၊ တနင်္ဂနွေနေ့တိုင်း တစ်လတစ်ကြိမ် တွေ့ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်သူ နှစ်သောင်းနီးပါး (၁၉၆၅၀) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ရှစ်ထောင်နီးပါး (၇၉၉၆) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required