တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် ဒေသခံများ တိုက်တွန်း

By ရောင်နီ(မဇ္စျိမ)
10 November 2023
တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် ဒေသခံများ တိုက်တွန်း
ပုံအညွှန်း-၂၀၁၉ ခုနှစ်ကကျင်းပသည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲမြင်ကွင်း။ (ဓာတ်ပုံ - ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံပျံပညာရှင်များအသင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံတဝန်း တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီတပ်က ပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပြည်သူများအနေဖြင့် ပါဝင်ဆင်နွှဲခြင်း မပြုကြရန် တောင်ကြီးဒေသခံများက တိုက်တွန်းသည်။

COVID-19 ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာ ရပ်ဆိုင်းခဲ့ရသည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်ရန် စစ်ကောင်စီက စီစဥ်ထားသည်။

“ဒီပွဲလုပ်တယ်ဆိုတာကိုက တဖက်အိမ် မီးလောင်တာ ငါတို့အိမ်မှ မလောင်သေးတာဆိုတဲ့ အထာပေါ့ဗျာ။ ဘာရိုးရာ ဘာအနှစ်သာရမှ မပါမယ့် တိုင်းပြည် အေးချမ်းသာယာနေပါတယ်ဆိုတဲ့ ပုံရိပ်ကိုယူမယ့် ဒီပွဲကို မလည်ဘဲ အားမပေးဘဲ ရှောင်ကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု တောင်ကြီးဒေသခံ တဦးက ပြောသည်။  

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဒေသခံများသည် မီးပုံးပျံနှင့် ပတ်သက်သည့် ရိုးရာအပေါ်  ချစ်မြတ်နိုးသည့်အတွက် စစ်ကောင်စီက ထိုအချက်ကို အခွင့်ကောင်းယူကာ ပွဲတော်ကျင်းပရန် စီစဥ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်က တောင်ကြီးရှိ မီးပုံးပျံအဖွဲ့များကို ပါဝင်ယှဥ်ပြိုင်ရန် ဖိအားပေးခြင်း၊ ရပ်ကွက်အလိုက် မိီးပုံးပျံများ ဝင်ရောက်ယှဥ်ပြိုင်ရန် ငွေကြေးစိုက်ထုတ်ပေးခြင်းများ ရှိနေကြောင်း ဒေသခံများထံကတဆင့် သိရသည်။

“စစ်ကောင်စီက ရပ်ကွက်တွေကို မီးပုံးပျံပြိုင်ဖို့ တရပ်ကွက်ကို သိန်း ၄၀ ပေးပြီး အတင်းအကျပ် ဝင်ပြိုင်ခိုင်းတာမျိုးတွေ ရှိတယ်”ဟု ဒေသခံတဦးက ဆိုသည်။

သို့သော် ယခင်က တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သည့် နာမည်ကြီးမီးပုံးပျံအဖွဲ့များစွာသည် ယခုနှစ်တွင် ပါဝင်ယှဥ်ပြိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင်  မီးပုံးပျံပွဲကျင်းပမည့် တောင်ကြီးမြို့ရှိ  အဝေရာမီးပုံးပျံကွင်းကိုလည်း အောက်တိုဘာလနှောင်းပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်က ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်တွင် ညမီးကြီးအမျိုးအစား မီးပုံးပျံ ၇၉ လုံး၊ စိန်နားပန်အမျိုးအစား မီးပုံးပျံ ၃၆ လုံး နှင့် နေ့လွှတ်မီးပုံးပျံများ အပါအဝင် စုစုပေါင်းမီးပုံးပျံ  ၃၉၄ လုံးကို လွှတ်တင်ခဲ့သည်။

ယခုနှစ် ၂၀၂၃ တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်တွင်မူ  ညမီးကြီးအမျိုးအစား မီးပုံးပျံ ၃၈ လုံးနှင့် စိန်နားပန်အမျိုးအစား မီးပုံးပျံ ၂၅ လုံးသာ လွှတ်တင်မည်ဖြစ်ပြီး နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ ဝင်လိုသည့် အသင်းများအနေဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက လူမှုကွန်ရက်မှ တဆင့် ထုတ်ပြန်ထားသည်။

“အရင်ကဆို ညမီးကြီး မီးပုံးပျံချည်းပဲ အလုံး ၁၀၀ နီးပါး လွှတ်တယ်။ အခုဆို ၃၀ ကျော်လောက်ပဲ ရှိတယ်။ ဒါက လက်ရှိအနေအထားကို ပြနေတာပါ” ဟု နောက်ထပ်ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီဘက်က  တောင်ကြီးတန်ဆောင်တိုင်ကို နည်းမျိုးစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန် စီစဥ်နေသည်ကို တွေ့ရသော်လည်း ဒေသခံအများစုက စိတ်ဝင်စားခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

အာဏာမသိမ်းခင်အချိန်က တန်ဆောင်တိုင်ပွဲကျင်းပမည့် နိုဝင်ဘာလသို့ ရောက်လျှင်  တောင်ကြီးမြို့ရှိ ဒေသခံများသည် မီးပုံးပျံပွဲနှင့် ကထိန်ပွဲအတွက် စိတ်အားတက်ကြွနေလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲစတင်ရန်  ရက်ပိုင်းမျှသာလိုသည့် အချိန်အထိ မြို့အတွင်း တိတ်ဆိတ်ငြိမ်သက်နေကြောင်း ဒေသခံများက ပြောသည်။

“အရင်ကဆိုရင် တန်ဆောင်တိုင်ပွဲစတော့မယ်ဆိုရင် ရပ်ကွက်ထဲကလူတွေ ထွက်ပြီး အိုးစည်ဗုံမောင်းသံမြိုင်မြိုင်နဲ့ ၊ အခုတော့ တောင်ကြီးမှာ အိုးစည်သံတိတ်နေတာ တော်တော်ကြာနေပါပြီ” ဟု ဒေသခံအမျိုးသမီးတဦးက ဆိုသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ပြည်တွင်း၌ သာမက ပြည်ပတွင်ပါ နာမည်ကျော်ကြားသည့် မြန်မာ့ရိုးရာပွဲတော်တခုဖြစ်ပြီး  စစ်ကောင်စီက တိုင်းပြည်အေးချမ်းနေသယောင် ဖန်တီးလိုသည့်အတွက် ကျင်းပခြင်းဖြစ်ခြင်းကြောင့် ပြည်သူများအနေဖြင့် ပါဝင်ဆင်နွှဲခြင်းမပြုရန် ၎င်းက ထပ်မံတိုက်တွန်းသည်။

အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားပေါင်း ၆၀၀ နီးပါးရှိပြီး ဒေသခံလူငယ်အများစုသည် ဒေသအသီးသီးတွင် စစ်ကောင်စီတပ်ကို လက်နက်ကိုင်ကာ ဆက်လက်ခုခံ တော်လှန်နေဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

လက်ရှိအချိန်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ  ဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်က COVID-19 ရောဂါနှင့် အာဏာသိမ်းမှုကြောင့် ရပ်နားထားရသည့် မြန်မာ့ရိုးရာ အထင်ကရ ပွဲတော်များကို ယခုနှစ် ၂၀၂၃ ခုနှစ်မှ စတင်ပြီး  ပြန်လည်ကျင်းပရန် နည်းလမ်းမျိုးစုံဖြင့် စီစဥ်လာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကရင်နီပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်အတွင်း ဖောင်တော်ဦးဘုရားပွဲကို ၁၈ ရက်ကြာ ကျင်းပခဲ့သည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။       ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly