ရှမ်းမြောက်မှ စစ်ကောင်စီတပ်သား စစ်မတိုက်လိုတော့၍ လက်နက်ချအလင်းဝင်လာဟု TNLA ပြော

By ဂျူချန်း(မဇ္ဈိမ)
10 November 2023
ရှမ်းမြောက်မှ စစ်ကောင်စီတပ်သား စစ်မတိုက်လိုတော့၍ လက်နက်ချအလင်းဝင်လာဟု TNLA ပြော
ပုံအညွှန်း-TNLA ထံသို့ ခိုလှုံလာသည့် စစ်ကောင်စီတပ်သား (PSLF/TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၃၆၂) မှ စစ်သားတဦးသည် လက်နက်ချအလင်းဝင်လာသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။

အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ(၃၆၂) မှ တပ်သားတဦးသည်  လက်နက်အပြည့်အစုံဖြင့် နိုဝင်ဘာ ၈ ရက်နေ့တွင် ထွက်ပြေးလာပြီး လာရှိုးမြို့နယ်၊ ကုန်စုံကျေးရွာမှ   TNLAတပ်ဖွဲ့ ထံလက်နက်ချ အလင်းဝင်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ယင်းစစ်သားသည် စစ်မတိုက်လိုသဖြင့် ရှေ့တန်းစစ်မျက်နှာပြင်မှထွက်ပြေးလာခြင်းဖြစ်ပြီး ခရီးစားရိတ် ငွေကျပ် ၁၅သိန်း ပေးအပ်ကာ ဘေးကင်းရာသို့ပို့ဆောင်ပေးခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ အကျအဆုံးများနေကာ လက်နက်ချအလင်းဝင်သည့် စစ်သုံ့ပန်းများလည်း ရှိနေသည်။ကွမ်းလုံမြို့ရှိ ခလရ(၁၄၃) မှ စစ်ကောင်စီတပ်သား ၄၁ ဦးသည် အောက်တိုဘာ ၃၀ရက်နေ့တွင်တပ်ရင်းလိုက် လက်နက်ချလာခဲ့သည်ဟု  MNDAA က ထုတ်ပြန်ထားသည်။

လက်နက်ချအလင်းဝင်လာသူများကိုလည်း လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနှင့်အညီ အသက်အန္တရာယ်လုံခြုံရေးကို အာမခံပေးပြီး ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဘဲ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ခရီးစရိတ်များကိုပါ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required